The network connection is lost.

Banner Image

ဆာကာနဲ့ အိုဒီဂတ်တို့ အချိန်အတန်ကြာ နားရမှာကို စိုးရိမ်းနေကြောင်း နည်းပြ အာတီတာ ဝန်ခံ

နည်းပြ မီခယ်လ်အာတီတာက အဓိက ကစားသမားတွေဖြစ်တဲ့ မာတင်အိုဒီဂတ်နဲ့ ဘူကာယိုဆာကာတို့ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်ပြီး အချိန်အတော်ကြာ အနားယူရနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မနေ့က လိဒ်စ်ယူနိုက်တက်ကို ၅-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာတင် နှစ်ဦးစလုံး ဒဏ်ရာတွေရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာပြဿနာနှစ်ခုဟာ ဂန်းနားတို့အတွက် အခက်အခဲများစွာနဲ့ ကြုံတွေ့ရမယ့်အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး ကိုင်ဟာဗက်ဇ်ကလည်း ဒူးဒဏ်ရာကြောင့် နားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဓိက ကစားသမားသုံးဦးအထိ ဒဏ်ရာတွေနဲ့ ကြုံတွေ့လာရတာဟာ အာဆင်နယ်အတွက် ကံကြမ္မာဆိုးလို့ပဲ ဆိုရမှာပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ပွဲချိန်ပထမပိုင်းမှာ လိဒ်အသင်း ကွင်းလယ်လူ အန်တွန်စတက်ခ်ရဲ့ ဖျက်ထုတ်မှုကြောင့် ပခုံးဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ ဆာကာကတော့ ဒုတိယပိုင်းမှာ ပြိုင်ဘက်ခံစစ်သမားနဲ့ ပြိုင်ပြေးရင်း ပေါင်မှာ တစ်ခုခုဖြစ်သွားပုံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နည်းပြ အာတီတာကတော့ ပွဲအပြီးမှာ ဒီဒဏ်ရာတွေကို အတည်ပြုခဲ့ပေမယ့် အပြည့်အစုံကိုတော့ ထပ်မံဆေးစစ်မှုတွေ ပြုလုပ်ပြီးမှသာ သိရမယ်လို့ ဆိုပါတယ်။

"မာတင်က ပခုံးဒဏ်ရာရသွားပုံရပါတယ်။ မနက်ဖြန် စကန်ဖတ်ပြီး ဘယ်လောက်ဆိုးလဲဆိုတာ သိရမှာပါ။ ဘူကာယိုက ပြေးရင်းနဲ့ ခံစစ်သမားနဲ့ ယှဉ်ပြိုင်တဲ့အချိန် ပေါင်တံမှာ တစ်ခုခုဖြစ်သွားတာလို့ ထင်ပါတယ်။ အရင်တစ်ခါ ဒဏ်ရာရဖူးတဲ့ဘက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မကောင်းတဲ့ အခြေအနေပါပဲ" လို့ အာတီတာက ရှင်းပြခဲ့ပါတယ်။

ကစားသမားတွေ ဘယ်လောက်ကြာကြာနားရမလဲလို့ မေးမြန်းရာမှာတော့ နည်းပြ အာတီတာက သူ့အနေနဲ့ အဖြေပေးနိုင်ခြင်း မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ "ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပါဘူး။ ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်တဲ့ ဟာဗက်ဇ်ကို ဆုံးရှုံးထားပြီးသားပါ။ အခု ဘူကာယိုရယ်၊ မာတင်ရယ် ထပ်ဖြစ်လာတော့တာပေါ့။ ဒါကြောင့်လည်း အသင်းရဲ့ လူစာရင်းက လုံလောက်စွာ တောင့်တင်းနေဖို့ လိုအပ်ပါတယ်။ ဒါဟာ ရှည်လျားတဲ့ ရာသီတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ရည်မှန်းထားတာတွေကို အောင်မြင်ဖို့ ကစားသမားတွေ အများကြီး လိုအပ်ပါတယ်" လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။

သတင်းကောင်းတစ်ခုအနေနဲ့ ပြောရရင်တော့ စနေနေ့ကမှ ခရစ္စတယ်ပဲလေ့စ်ကနေ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ အီဘီရီချီအီဇီကို အသင်းအတွက် ရွေးချယ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။