The network connection is lost.

Banner Image

ချီလီနဲ့ပွဲမှာ မက်ဆီကို ပွဲထွက်ကစားခွင့်ပေးဖို့ မဆုံးဖြတ်ရသေးကြောင်း စကာလိုနီပြော

လာမယ့်သောကြာနေ့မှာ အာဂျင်တီးနားဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ချီလီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုအခါမှာ နည်းပြလီယွန်နယ်စကာလိုနီက အဆိုပါပွဲစဉ်မှာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ပွဲထွက်ကစားခွင့်ပေးဖို့ မဆုံးဖြတ်ရသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုကို ဦးဆောင်ထားတဲ့အာဂျင်တီးနားဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်လို့ အမှတ်မလိုတော့ပေမယ့် မက်ဆီကတော့ အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 

စကာလိုနီက "ချီလီနဲ့ပွဲမှာ မက်ဆီကိုပွဲထွက်ပါဝင်ခွင့်ပေးဖို့ ကျွန်တော်တို့မဆုံးဖြတ်ရသေးပါဘူး။ သူ့ရဲ့ ကြံ့ခိုင်ရေးအခြေအနေကို တိတိကျကျသိရရင် အဆင်ပြေပါလိမ့်မယ်။ လက်ရှိအချိန်မှာကျွန်တော်တို့က အခြားအရာတွေအတွက်ကြိုးစားကြည့်ဖို့ အခွင့်အရေးရှိနေပါတယ်။ မက်ဆီက ကစားဖို့အဆင်သင့်ဖြစ်နေပေမယ့် ကျွန်တော်တို့ နောက်ပိုင်းမှဆုံးဖြတ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုတစ်ခေါက်ခြေစစ်ပွဲစဉ်တွေမှာ အသင်းရဲ့အဓိက ကစားသမားအများအပြား ပါဝင်နိုင်မှာမဟုတ်လို့ စကာလိုနီအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်တဲ့အနေနဲ့ လူငယ်ကစားသမားအချို့ကို လူစာရင်းမှာစတင်ထည့်သွင်းထားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာဂျင်တီးနားသားက "ကျွန်တော်တို့ကစားသမားတွေအများကြီး ဆုံးရှုံးထားရပါတယ်။ ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝနေတဲ့ကစားသမားတွေကတော့ အခွင့်အရေးရသွားပါလိမ့်မယ်။ အခုချိန်အထိတော့ ပွဲထွက်ကစားသမားစာရင်းကို အတည်မပြုရသေးပါဘူး။ သေချာတာတစ်ခုက ကစားခွင့်သိပ်မရတဲ့ကစားသမားတွေကတော့ ဒီပွဲတွေမှာ ပါဝင်ခွင့်ရသွားမှာပါ"

"ရလဒ်ကောင်းထွက်ဖို့အရေးကြီးပေမယ့် အခုချိန်မှာတော့ အရမ်းအရေးကြီးတဲ့အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့် ကစားခွင့်သိပ်မရထားတဲ့သူတွေကို ကျွန်တော်တို့ ကစားခွင့်ပေးသွားပါမယ်။ ခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိပေမယ့် သူတို့ ဒီပွဲတွေမှာကစားရဖို့မသေချာပါဘူး။ ဒီပွဲကလည်း ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အခြေအနေကောင်းနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး စကာလိုနီက ဘရာဇီးအသင်းကို စတင်ကိုင်တွယ်သွားမယ့် နည်းပြသစ် ကာလိုအန်ဆယ်လော့တီဟာ ဘရာဇီးကို ပိုကောင်းအောင်ကူညီပေးနိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ စကာလိုနီက "အန်ဆယ်လော့တီကိုခန့်လိုက်တာ အရမ်းကောင်းပါတယ်။ သူက မကြာသေးမီကာလအတွင်း ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတစ်ဦးပါ။ ဘရာဇီးရဲ့ပုံရိပ်ကို ပိုမြင့်တက်စေပါလိမ့်မယ်။ သူ့ရဲ့စိတ်ဓာတ်ကို ကျွန်တော်သဘောကျပါတယ်။ သူ့ကို ကြိုဆိုကြောင်းပြောချင်ပြီး အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။