
The network connection is lost.

အင်တာမီယာမီကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ယနေ့နံနက်က တိုရွန်တိုကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နောက်အပတ် တနင်္လာနေ့မှာ ယှဉ်ပြိုင်မယ့် အော်လန်ဒိုနဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားမှာဖြစ်ပြီး အဆိုပါပွဲအပြီး ယူအက်စ်အိုးပင်းဖလား ဗိုလ်လုပွဲအဖြစ် ဟူစတန်ဒိုင်နမို နဲ့ပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့မသေချာဘူးသိရှိရပါတယ်။ အသင်းနည်းပြ တာတာမာတီနိုက အာဂျင်တီးနား လက်ရွေးစင်သာမက နောက်ခံလူ ဂျော်ဒီအယ်လ်ဘာကလည်း နောက်အပတ်ကြာသပတေးနေ့မှာ ပါဝင်နိုင်ဖို့မသေချာဘူးလို့ ဝန်ခံပြာကြားခဲ့ပါတယ်။
တာတာမာတီနိုက "လက်ရှိမှာတော့သူတို့ ပုံမှန်လေ့ကျင့်နေပြီး ကစားဖို့အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် သူတို့ရဲ့လက်ရှိဒဏ်ရာပြဿနာတွေကို ဒီထက်ပိုပြီးဆိုးမလာဘူးလို့တော့ မပြောနိုင်ပါဘူး။ ရိုရိုးပွဲပန်းတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒါကိုကြွက်သားဒဏ်ရာလို့ မထင်ပါဘူး။ အော်လန်ဒိုနဲ့ပွဲစဉ်မှာတော့ သူတို့ပါဝင်နိုင်ချေမရှိပါဘူး။ ဒါပေမယ့် အဲဒါက ပြင်းထန်တဲ့ ကြွက်သားဒဏ်ရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီအတိုင်း ပွဲပန်းတာပဲဖြစ်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက လာမယ့် ကြာသပတေးနေ့မှာယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲစဉ်မှာ မက်ဆီ ပါဝင်နိုင်ခြင်းရှိမရှိကို အခုကတည်းက အသင်းရဲ့ဆေးအဖွဲ့နဲ့ ညှိနှိုင်းပြီးအကဲဖြတ်သွားမယ်လို့ ဆိုပါတယ်။ တိုရွန်တိုကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ၁၈ ရက်အတွင်း ၆ ပွဲ ကစားရမယ့် အင်တာမီယာမီအတွက် ပထမဆုံးကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။
တိုရွန်တိုနဲ့ပွဲစဉ်မှာ နောက်ခံလူအယ်လ်ဘာဟာ ပထမပိုင်း ပွဲကစားချိန်ပြီးဖို့ ၁၀ မိနစ် အလိုမှာပဲ ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး နောက် ၂ မိနစ်အကြာမှာပဲ မက်ဆီကိုပါ ထပ်မံလူစားလဲခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းပွဲကစားချိန်အပြီးမှာ မာတီနိုက "မက်ဆီနဲ့ အယ်လ်ဘာတို့ ထွက်လာခဲ့ရပါပြီ။ ဒါက ကျွန်တော်တို့မျှော်လင့်မထားတဲ့ လူစားလဲမှု ၂ ခုပါ။ သူတို့ရဲ့ အခြေအနေကို ဒီရက်ပိုင်းအတွင်းမှာပဲ အကဲဖြတ်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ပွဲထွက် ကစားသမားအဖြစ် ၉၃၇ ပွဲအထိကစားခဲ့တဲ့ မက်ဆီအတွက် ယခုလို ပထမပိုင်းအတွင်း လူစားလဲမှုဟာ စုစုပေါင်း ၈ ကြိမ်သာရှိခဲ့ပြီး ယခုတစ်ခေါက်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ အသက်-၃၆ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ အတ္တလန္တာ ၅-၂ မီယာမီ ပွဲစဉ်မှာလည်း ကြွက်သားနွမ်းနွယ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ကြောင်း မာတီနိုက ဖြေရှင်းချက်ပေးခဲ့ပြီးနောက် အာဂျင်တီးနားသားဟာ ယခု တိုရွန်တိုနဲ့ ပွဲစဥ်မှာပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါရှုံးပွဲက အင်တာမီယာမီရဲ့ ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်မယ့် ရည်မှန်းချက်ကို ထိခိုက်နိုင်တာကြောင့် မက်ဆီဟာ ချက်ချင်းပဲအသင်းနဲ့ လေ့ကျင့်ခန်းအပြည့်ပြန်ဆင်းကာ ယခုပွဲမှာ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနဲအတူ နိုင်ငံတကာပွဲစဉ်များမှာပါဝင်နေခဲ့ရတာကြောင့် မက်ဆီဟာ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက အင်တာမီယာမီရဲ့ ပွဲစဉ်များကို စတင်လွဲချော်ခဲ့တာဖြစ်ပါတယ်။