
ပင်နယ်တီကာ ပင်နယ်တီကန်သွင်းပုံနဲ့ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ မက်ဆီ
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက သူ့အနေနဲ့ အီကွေဒေါနဲ့ပွဲက ပင်နယ်တီကာကန်သွင်းပုံနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မက်ဆီဟာ အီကွေဒေါနဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် မိနစ် ၉၀ ပြည့် ပါဝင်ကစားပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ အချိန်ပိုမရှိတာကြောင့် ၁-၁ သရေနဲ့ပြီးဆုံးခဲ့ပြီး ပင်နယ်တီ ကန်သွင်းချိန်မှာ မက်ဆီရဲ့ပင်နယ်တီကာကန်ချက်က ဂိုးဘားနဲ့ထိပြီး လွဲချော်ခဲ့တာဖြစ်ပါတယ်။
အင်တာမီယာမီစတားက ပွဲအပြီးသတင်းထောက်တွေကိုဖြေကြားရာမှာ “ကျွန်တော် အရမ်းစိတ်ဆိုးခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ခဲ့တာပါ။ ကျွန်တော် မာတီနက်ဇ် ၊ ရူလီတို့နဲ့ စကားပြောပြီးပါပြီ။ ပင်နယ်တီအများကြီးကန်ဖူးပါတယ်။ ဒီလိုမျိုးတော့ မလေ့ကျင့်ထားပါဘူး။ ဒါပေမယ့် ကျွန်တော်သူတို့နဲ့စကားပြောဖြစ်ပါတယ်။ ဘေးထောင့်တွေကိုပဲ အများကြီးကန်လေ့ရှိတာပါ။ အဲ့တာက ဂိုးသမားက အဲ့လိုကန်ချက်တွေကို ဒိုက်ဗင်ပစ်ပြီး ကာကွယ်လေ့ရှိပါတယ်။ အခုပင်နယ်တီမှာ ကျွန်တော် ထိပဲထိလိုက်တာဖြစ်ပြီး အဲ့တာက မြင့်တက်သွားခဲ့ပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ပွဲအတွင်းကြွက်သားဒဏ်ရာကို ကုသခဲ့ရတာဖြစ်ပြီး ဘောလုံးကိုမကန်ခင်မှာ စိတ်က ကြံ့ခိုင်မှုပိုင်းအပေါ်ရောက်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော် အနည်းငယ်အဆင်မပြေတာရှိခဲ့ပါတယ်။ နာကျင်မှုရှိခဲ့သလို လေ့ကျင့်ခန်းဆင်းချိန်မှာလည်း အနည်းငယ်ထိတ်လန့်နေခဲ့ပါတယ်။ နောက်ဆုံးလေ့ကျင့်ခန်းဆင်းချိန်မှာ ကျွန်တော် ပိုကောင်းလာခဲ့ပြီး အကုန်အဆင်ပြေခဲ့ပါပြီ။ ဒဏ်ရာပြဿနာရှိနေချိန် ဒါမှမဟုတ် တစ်ခုခုအဆင်မပြေချိန်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာက အမြဲတမ်းဖြစ်တတ်ပါတယ်။ စကာလိုက ကစားဖို့အဆင်သင့်ဖြစ်ပြီလားမေးချိန်မှာတော့ ကျွန်တော်က အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်”လို့ မက်ဆီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုချိန်မှာ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ မာတီနက်ဇ်က ပင်နယ်တီဟီးရိုးဖြစ်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ မက်ဆီရဲ့အာဂျင်တီးနား အသင်းဟာ ဗင်နီဇွဲလား ဒါမှမဟုတ် ကနေဒါအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။