
ပရီးမီးယားလိဂ်မှာ အစွမ်းပြနေတဲ့ လီဗာပူးကို မြင်တွေ့ရခြင်းအပေါ် မအံ့သြမိဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
ယာဂန်ကလော့ပ်ခေတ်လွန် လီဗာပူးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုသိမ်းပိုက်နိုင်ဖို့ နီးစပ်နေမှုကို မအံ့သြမိပါဘူးလို့ အန်းစလော့က ပြောကြားခဲ့ပါတယ်။ လီဗာပူးက သူတို့အတွက် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုလည်းဖြစ်၊ အကြိမ် ၂၀ မြောက် လိဂ်ချန်ပီယံဆုလည်းဖြစ်တဲ့ အောင်ပွဲကိုရယူနိုင်ဖို့ အတော်လေးနီးစပ်နေပါတယ်။ သူတို့တွေက လက်စတာကို အနိုင်ရရှိပြီး အနီးစပ်ဆုံးပြိုင်ဘက်အာဆင်နယ်သာ အစ်ဆွစ်ချ်ကို ရှုံးနိမ့်မယ်ဆိုရင် အခုသီတင်းပတ်ကုန်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာပါလိမ့်မယ်။
ဒီလိုမဖြစ်လာဘူးဆိုရင်လည်း ကြိုးကြာနီတွေက လက်စတာကိုသာ အနိုင်ရရှိထားမယ်ဆိုရင် တရားဝင်ချန်ပီယံဖြစ်လာဖို့ နောက်ထပ်သုံးမှတ်သာ လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်၊ တော့တင်ဟမ်ကို အနိုင်ရရှိမယ်ဆိုရင် သူတို့တွေ တရားဝင်လိဂ်ချန်ပီယံအဖြစ် အတည်ပြုသွားနိုင်ပါလိမ့်မယ်။ ယာဂန်ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာ အမှတ်ပေးဇယားတတိယနေရာသာ ရရှိခဲ့တဲ့ ကြိုးကြာနီတွေကို လူနည်းစုကသာ လက်ရှိဘောလုံးရာသီမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကမ်ပိန်းတစ်ခုနဲ့အတူ ပျော်မွေ့နိုင်ဖို့ စိတ်ကူးမိခဲ့ကြပါလိမ့်မယ်။
ဒါပေမယ့် အန်းစလော့ကတော့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့အတွက် စိန်ခေါ်တဲ့ သမိုင်းကြောင်းမျိုး လီဗာပူးအသင်းဆီမှာ ရှိနေတာကြောင့် သူ့ရဲ့မျှော်လင့်ချက်တွေ ပြည့်မီသွားပြီလို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ တကယ်လို့ ကြိုးကြာနီတွေက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ဆူးနိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်လိုပဲ အကြိမ် ၂၀ မြောက်လိဂ်ချန်ပီယံဆုရှင် ဖြစ်လာပြီး သမိုင်းတလျှောက် အအောင်မြင်ဆုံးအင်္ဂလိပ်ကလပ်အသင်းအဖြစ် ပူးတွဲရပ်တည်သွားနိုင်ပါလိမ့်မယ်။
အန်းစလော့က “ လီဗာပူးလို ကလပ်အသင်းတစ်ခုဆီ ရောက်ရှိသွားမယ်ဆိုရင် အဲ့ဒီနေရာမှာ အခွင့်အလမ်းတစ်ခု အမြဲတမ်းရှိနေတယ်လို့ ခံစားမိပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ဆန်မှုကိုလည်း ကျွန်တော် နှစ်သက်ပါတယ်။ တကယ့်လက်တွေ့အရှိတရားက ဒီမတိုင်ခင်လွန်ခဲ့တဲ့ဘောလုံးရာသီနှစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူတို့တွေက ဟိုးတစ်နှစ်ကျော်ဘောလုံးရာသီထက် ချန်ပီယံဆုနဲ့ ပိုပြီးနီးစပ်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့တွေက ယူရိုပါလိဂ်မှာသာ ယှဉ်ပြိုင်ကစားရပြီး ပွဲထွက်ခွင့်ရရှိတဲ့ကစားသမားတွေအတွက် အမြဲလိုလို အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိုင်စွမ်းရှိဖို့ဆိုရင် ချန်ပီယံလိဂ်နဲ့တွဲဖက်နိုင်ရမယ်ဆိုတာ သိထားခဲ့ပါတယ်။ ဒါက အတော်လေးတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်က ထိပ်ဆုံးနေရာအတွက် ဘယ်တုန်းကမှ မယှဉ်ပြိုင်ဖူးတဲ့ ကလပ်အသင်းတစ်ခုဆီ ရောက်ရှိလာတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ထဲမှာတော့ အဲ့ဒီအတိုင်းရှိနေခဲ့တယ်လို့ပြောရင် မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုပူးတွဲယှဉ်ပြိုင်တိုက်ပွဲဝင်သွားဖို့ကိစ္စက ဦးစားပေးအရာတော့ မဟုတ်ပါဘူး။ တကယ်ဦးစားပေးအရာက ကောင်းမွန်တဲ့ဘောလုံးကစားဟန်နဲ့အတူ တက်နိုင်သမျှ ပွဲစဉ်တွေကို အနိုင်ရရှိသွားဖို့ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒီလိုလုပ်ဆောင်မှုရဲ့ရလဒ်မှတဆင့် အမှတ်ပေးဇယားမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင်ကြည့်သွားကြတာပေါ့။
ဒါပေမယ့် အခုအချိန်မှာ ‘လီဗာပူးဆီရောက်ရှိလာပြီး အခုရောက်ရှိနေတဲ့နေရာအတွက် ကျွန်တော်တော့ အလွန်အံ့အားသင့်မိတယ်’လို့ ပြောမယ်ဆိုရင် အတော်လေးထူးဆန်းနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခုရောက်ရှိနေတဲ့နေရာက ကလပ်အသင်းအတွက်ဆိုရင် သိပ်ပြီးထူးဆန်းလွန်းတဲ့ အနေအထားတစ်ရပ် မဖြစ်နေလို့ပါပဲ”လို့ The Mirror ဆီ ပြောပါတယ်။ ကြိုးကြာနီတွေက အခုသီတင်းပတ်ကုန်ပိုင်းမှာ သူတို့ရဲ့ပွဲစဉ်ကိုသာ အာရုံစိုက်သွားဖို့ရှိပေမယ့် အင်္ဂလန်ချန်ပီယံအဖြစ် တရားဝင်အတည်ပြုနိုင်ဖို့ အာဆင်နယ်ရဲ့ရလဒ်ကို စိတ်ဝင်စားနေမယ်ဆိုရင်လည်း ခွင့်လွှတ်ပေးနိုင်စရာ ဖြစ်ပါလိမ့်မယ်။