The network connection is lost.

Banner Image

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူဆွတ်ခူးနိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူပဲ ဆွတ်ခူးသွားနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဆင်နယ်ဟာ အမှတ်ဇယားအဆင့် ၃ နေရာက အက်စတွန်ဗီလာကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းကိုပြသထားနိုင်ခဲ့ပါတယ်။ ယခုအခါမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့တာကြောင့် ဇယားထိပ်ဆုံးနေရာကနေ နှစ်သစ်ကူးကူးကို သာသာယာယာကြိုဆိုနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ ပေါလ်မာဆန်က အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုကျော်ကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားအောင်မြင်မှုကို ဒီရာသီမှာတော့ ပထမဆုံးအကြိမ်ပြန်လည်ဆွတ်ခူးနိုင်ဖို့အတွက် အတော်လေအခြေအနေကောင်းနေကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။  မာဆန်က "သူတို့ ဇယားကို ၅ မှတ်ဖြတ်ဦးဆောင်ထားပါတယ်။ ပြီးတော့ သူတို့တိုက်စစ်က ဂိုးတွေရနေလို့ ဂိုးကွာခြားချက်မှာလည်း အကောင်းဆုံးဖြစ်နေပါတယ်။ အက်စတွန်ဗီလာကို ပထမအကျော့မှာရှုံးထားတော့ သူတို့ကို ဘယ်အသင်းကတားဆီးနိုင်မလဲဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ အခုတော့ အာဆင်နယ်က ချန်ပီယံခြေစွမ်းနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီနှစ်က အာဆင်နယ်ရဲ့နှစ်ဆိုတာ တဖြည်းဖြည်းသိသာလာခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကိုလည်း ဒီရာသီမှာ အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သလားလို့မေးမြန်းခဲ့ရာ စပိန်သားက "ကျွန်တော်တို့ ယုံကြည်ပါတယ်။ အသင်းရဲ့ကြိုးစားအားထုတ်မှုစွမ်းအင်က အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။ ကျွန်တော်တို့ ၃ ရက်တစ်ခါ ပွဲကစားနေရပေမယ့် အခုလိုနိုင်ပွဲတွေရနေတာက အသင်းအတွက် အများကြီးအကူအညီရစေပါတယ်" "အမှတ်ပေးဇယားထိပ်ဆုံးကနေ နှစ်သစ်ကိုကြိုဆိုရတာကလည်း အရမ်းကောင်းတဲ့ခံစားချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့  နောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်သွားရပါဦးမယ်" လို့ဖြေကြားခဲ့ပါတယ်။