ဂျူရီယန်တင်းဘား ကြံ့ခိုင်မှုမပြည့်ဝရင်တောင် ပီအက်စ်ဂျီနဲ့ပွဲမှာ ထည့်သုံးဖို့ အာတီတာကို ပေါလ်မာဆင် အကြံပြု
အာဆင်နယ်ဂန္တဝင်ကစားသမား ပေါလ်မာဆင်က ဂျူရီယန်တင်းဘားအနေနဲ့ ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း မပြည့်ဝသေးရင်တောင်မှ သူ့ကို ပွဲထွက်ကစားခွင့်ပေးဖို့ နည်းပြ မီကယ်အာတီတာကို တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ ဘူဒါပက်စ်မြို့၌ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးသော ဥရောပဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားတာပါ။
မြောက်လန်ဒန်ကလပ် အာဆင်နယ်ဟာ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြီးခဲ့တဲ့အပတ်ကမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အခုတစ်ပတ်မှာတော့ လက်ရှိဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ပွဲမှာ နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင်မှာတော့ ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂ လခွဲနီးပါးကြာ အနားယူခဲ့ရတဲ့ တင်းဘားနဲ့အတူ နိုနီမာဒူကီ၊ ဘန်ဝှိုက်၊ မီကယ်မာရီနိုတို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
"The Good, The Bad & The Football" ပေါ့တ်ကတ်စ်မှာ ပြောကြားခဲ့တာဖြစ်ပြီး တင်ဘာဟာ မိနစ် ၉၀ ပြည့် မကစားနိုင်ရင်တောင်မှ အာတီတာအနေနဲ့ သူ့ကို အခွင့်အရေးပေးသင့်တယ်လို့ မာဆင်က ယုံကြည်နေတာပါ။
"ဂျူရီယန်တင်းဘားကတော့ ပါကိုပါရမယ်လို့ ကျွန်တော်ထင်တယ်။ သူ ကြံ့ခိုင်မှု ပြည့်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တကယ်လို့ သူက ကြံ့ခိုင်မှု တစ်ဝက်လောက်ပဲ ရှိနေဦးတော့၊ ဒီပွဲမှာ သူက မဖြစ်မနေ ပါဝင်ရမှာမို့လို့ ကျွန်တော်ဆိုရင်တော့ သူ့ကို စွန့်စားပြီး သုံးကြည့်မိမှာပါ" လို့ မာဆင်က ဆိုပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲမှာ အာဆင်နယ်ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း "သူတို့မှာ အခွင့်အရေးရှိတယ်လို့ ကျွန်တော်ထင်တယ်၊ အထူးသဖြင့် သူတို့ရဲ့ တည်ကန်ဘောတွေက အရမ်းကောင်းတယ်။ ပီအက်စ်ဂျီက အရည်အချင်းရှိတဲ့ အသင်းဆိုပေမဲ့ ကစားသမားတွေက အရပ်ပုကြတာမို့လို့ တည်ကန်ဘောရတိုင်းဟာ အာဆင်နယ်အတွက် ပင်နယ်တီရသလိုမျိုး ဖြစ်နေပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး "ပီအက်စ်ဂျီအနေနဲ့ ဒါကို ရင်ဆိုင်ရခက်ပါလိမ့်မယ်။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်တန်းတစ်ခုနဲ့ အကောင်းဆုံး ခံစစ်တန်းတစ်ခုတို့ ထိပ်တိုက်တွေ့ကြတာပါပဲ" လို့လည်း ဆိုပါတယ်။
တင်းဘားဟာ အခုဆိုရင် အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပြီး ရာသီသစ်မစခင်မှာပဲ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ သူ့ကို အလျင်စလို ပြန်သုံးလိုက်ရင် ဒဏ်ရာပိုဆိုးသွားနိုင်တာကြောင့် ဗိုလ်လုပွဲမှာ ထည့်သုံးမလား ဆိုတာကတော့ အာတီတာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။