
ဇူဘီမန်ဒီကို အာဆင်နယ်ပြောင်းလာဖို့ စည်းရုံးခဲ့ခြင်းမရှိကြောင်း မီရီနို ဖွင့်ဟလာ
အာဆင်နယ်ကစားသမား မီကယ်မီရီနိုက မာတင်ဇူဘီမန်ဒီကို အာဆင်နယ်အသင်းထံ ပြောင်းလာဖို့အတွက် စည်းရုံးသိမ်းသွင်းခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဇူဘီမန်ဒီရဲ့ဆုံးဖြတ်ချက်နဲ့ ဆိုစီဒက်အသင်းကို လေးစားတဲ့အနေနဲ့ အဲဒီလိုမလုပ်ခဲ့တာဖြစ်တယ်လို့ မီရီနိုကဆိုပါတယ်။ ကစားသမားနှစ်ယောက်စလုံးဟာ ဆိုစီဒက်ကနေ အာဆင်နယ်အသင်းကို နွေရာသီအပြောင်းအရွှေ့ကာလတွေမှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
ဇူဘီမန်ဒီဟာ ဒီနွေရာသီမှာ ပေါင်သန်း ၆၀ (ယူရို ၇၀ သန်း) နဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မီရီနိုကတော့ ၂၀၂၄ ခုနှစ်မှာ မြောက်လန်ဒန်ကလပ်ထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ကစားသမားနှစ်ဦးစလုံးဟာ အသင်းတစ်ခုတည်းကလာကြသူတွေဖြစ်ပေမဲ့ မီရီနိုက ဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့မှာ ဘယ်လိုမှပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့ အခိုင်အမာပြောပါတယ်။
"ကျွန်တော် သူ့အပေါ် ဖိအားတွေ အများကြီးမပေးချင်ပါဘူး။ နောက်ဆုံးမှာတော့ ဒါဟာ သူကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပါ" လို့ မီရီနိုက El Diario Vasco သတင်းဌာနကို ပြောပါတယ်။ ဆိုလ်စီဒက်လို ကလပ်အသင်းကနေ ထွက်ခွာဖို့ဆိုတာ ခက်ခဲတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ဇူဘီမန်ဒီလို ဒေသခံကစားသမားတစ်ယောက်အတွက်ဆိုရင် ပိုလို့တောင်ခက်ခဲနိုင်တယ်လို့ မီ၀ရီနိုက ပြောခဲ့ပါတယ်။
"ဆိုစီဒက်ကနေ ထွက်ခွာဖို့ဆိုတာ တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော့်အတွက်တောင် အဲဒီဆုံးဖြတ်ချက်ကို ချဖို့ခက်ခဲခဲ့ပါတယ်။ သူက အဲဒီဒေသဇာတိဖြစ်တဲ့အတွက် သူ့အတွက်ပိုခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ မီရီနိုက ဆက်ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် မီရီနိုဟာ မီကယ်အာတီတာရဲ့အသင်းမှာ အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး သူ့ရဲ့လုပ်ရပ်တွေဟာ လေးစားမှုအပေါ် အခြေခံထားတာဖြစ်တယ်လို့ဆိုပါတယ်။
"ကျွန်တော် သူ့ကိုလာဖို့ စည်းရုံးဖို့လည်းမကြိုးစားခဲ့သလို ဆိုစီဒက်အသင်းကို သစ္စာဖောက်ဖို့လည်းမတိုက်တွန်းခဲ့ပါဘူး။ သူ့နှလုံးသားက တောင်းဆိုတဲ့အတိုင်း သူလုပ်ခဲ့တာပါ" လို့ မီရီနိုကပြောပါတယ်။ ဇူဘီမန်ဒီဟာ ဥရောပထိပ်တန်းကလပ်အသင်းတွေနဲ့လည်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ အာတီတာရဲ့ နည်းပြမှုအောက်မှာ ကစားချင်တာကြောင့် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယနေ့ညမှာ လိဒ်စ်ယူနိုက်တက်နဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။