The network connection is lost.

Banner Image

ထိပ်တန်းအသင်းတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ အစ်ဆွစ်နည်းပြ ပြောကြား

အစ်ဆွစ်တောင်းအသင်းနည်းပြ မက်ကန်နာက မိမိတို့ဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရတာလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြီးနောက် အစ်ဆွစ်အနေနဲ့ တန်းဆင်းရဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ အဝေးကွင်းမှာ လာကန်ခဲ့ရပေမယ့် အာဆင်နယ်ဟာ အစ်ဆွစ်ကို သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက်ဂိုးတွေကို ထရိုဆက် ၊ မာတီနယ်လီ ၊ နွမ်နီရီတို့က သွင်းယူပေးခဲ့ပါတယ်။ အခုရလဒ်ကြောင့် အစ်ဆွစ်အနေနဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ၅ ပွဲကန်ဖို့ ကျန်နေချိန်မှာ တန်းဆင်းဇုန်ကနေ လွတ်ဖို့ ၁၅ မှတ်အထိ လိုအပ်နေပါတယ်။ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ကန်နာက အာတီတာရဲ့အသင်းဟာ လက်ရှိဒီရာသီထိပ်တန်းအဆင့်အတန်းရှိတဲ့အသင်းလို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းက ချန်ပီယံဆုရယူနိုင်တော့မှာဖြစ်ပြီး အာဆင်နယ်က ၃ ရာသီဆက် ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့ အလားအလာများနေပါတယ်။
အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ်လွဲချော်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။

“တကယ့်ကို ခက်ခဲတဲ့ပွဲပါ။ ၁၁ ယောက်ချင်းတောင်ခက်ခဲခဲ့ပါတယ်။ အာဆင်နယ်က ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက အဲ့လိုမျိုးခံစားခဲ့ရပါတယ်။ အဲ့တာက ထိပ်တန်းအဆင့်အသင်းတွေမှာပဲရှိတတ်တာပါ။ ကျွန်တော် ဒီနှစ်ရဲ့အကောင်းဆုံးအသင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဒီအစုအဖွဲ့နဲ့အကောင်းဆုံးလုပ်ဆောင်ခဲ့သလို အခွင့်အရေးအနည်းငယ်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အဆုံးသတ်နိုင်စွမ်းက ကျွန်တော်တို့ထက်ပိုပါတယ်။ ပိုကောင်းတဲ့အသင်းက အခုရလဒ်နဲ့ထိုက်တန်ခဲ့တာပါ။ အနီကတ်ကြောင့် ကျွန်တော်တို့ ပိုပြီးမဖြစ်နိုင်ခဲ့ပါဘူး။

၁၀ ယောက်တည်းနဲ့လည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စီစဉ်ထားသလို အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် သူတို့က ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်သန်မာတဲ့အသင်းနဲ့တွေ့ခဲ့ရသလို သူတို့က ဒီနေ့မှာ မတူညီတဲ့အဆင့်အတန်းမျိုးပြသနိုင်ခဲ့ပါတယ်”လို့ ကန်နာက ပြောကြားခဲ့ပါတယ်။ အာတီတာကလည်း မိမိတို့အသင်းဟာ အစ်ဆွစ်နဲ့ပွဲမှာ အကောင်းဆုံးဘောလုံးရသကို ပေးစွမ်းနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
“ပထမ ၃၅ မိနစ်မှာ ကျွန်တော်တို့အကောင်းဆုံးဘောလုံးရသ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးဖြစ်ခဲ့သင့်တာပါ။ အားလုံးခြုံကြည့်ရင် အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။ ကစားသမားအချို့လည်း မိနစ်အနည်းငယ်အခွင့်အရေးရခဲ့ပါတယ်။ တည်ငြိမ်မှုကတော့ နောက်တစ်ဆင့်မှာရှိနေပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ကြားရက်မှာ ပဲလေ့စ်နဲ့ပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။