ပြင်သစ်ပြည်တွင်းဘောလုံကလပ်အသင်းတစ်ခုကို ဝယ်ယူဖွယ်ရှိနေတဲ့ အမ်ဘာပေ
အခုနွေရာသီ၊ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ပြင်သစ်မြေမှ ထွက်ခွာကာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာတဲ့ အမ်ဘာပေက ပြင်သစ်ပြည်တွင်းဘောလုံးလောကအတွင်း ဆက်လက်ပါဝင်လှုပ်ရှားနိုင်ဖို့ စိတ်ကူးရှိနေပါတယ်။
ပြင်သစ်ပြည်တွင်းသတင်းဌာန Ouest France ရဲ့အဆိုအရ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်လီဂူး-တူးပြိုင်ပွဲဝင် SM Caen အသင်းမှာ အဓိကရှယ်ယာရှင်ဖြစ်လာဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အမ်ဘာပေက အမေရိကန်ရင်းနှီးမြှုပ်နှံမှုအုပ်စု Oaktree ပိုင် ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ဖို့ ယူရိုသန်း ၂၀ အောက်သာ ရင်းနှီးမြှုပ်နှံသွားလိမ့်မယ်လို့ သိရပါတယ်။
အသင်းရဲ့လက်ရှိဥက္ကဋ္ဌကတ်တွန်ကတော့ အခြားရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်သွားဖို့ရှိနေပြီး အမ်ဘာပေရဲ့ရင်းနှီးမြှုပ်နှံမှုမှတဆင့် ရရှိလာတဲ့ဝင်ငွေကို ကလပ်ရဲ့ကြွေးမြီတွေ ပေးဆပ်နိုင်တဲ့နေရာမှာ အသုံးပြုသွားပါလိမ့်မယ်။ အမ်ဘာပေရဲ့ Brand Image Team အကြီးအကဲဖြစ်သူဟမ်မွတ်ဒ်ကို ပြင်သစ်ကြယ်ပွင့်နဲ့ သူ့ရဲ့မိခင်တို့က အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်သွားဖွယ်ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း အမ်ဘာပေက Caen အသင်းဆီ ရောက်ရှိဖို့အထိ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုနာကိုအသင်းကိုရွေးချယ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ Caen အသင်းဆီ အမ်ဘာပေရဲ့ရင်းနှီးမြှုပ်နှံမှုက ကစားသမားပုံရိပ်ကို နောက်တစ်ဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူက ကလပ်အသင်းတစ်ခုဝယ်ယူခြင်းဖြင့် အင်တာမီယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်လိုခြေလှမ်းမျိုး လျှောက်လှမ်းလိုက်ခြင်းဖြစ်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး။ လက်ရှိဘောလုံးကစားနေစဉ်အချိန်မှာပဲ ကလပ်အသင်းတစ်ခုဝယ်ယူနိုင်တဲ့ ကစားသမားအများကြီးတော့ မရှိနိုင်ပါဘူး။
အမ်ဘာပေ ကိုယ်တိုင်လည်း ကလပ်အသင်းရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်လုပ်ကိုင်နိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် အခုလိုဝယ်ယူနိုင်ခြင်းက ဘောလုံးလောကရဲ့ထိပ်တန်းအဆင့်တွေနဲ့ အလယ်အလတ်တန်းစား ကစားသမားတွေအကြား ကွာဟနေမှုကို ဖော်ညွှန်းပြသနေပါတယ်။