ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် ချုပ်ဆိုပြီးနောက် ပေါင် ၁ သိန်း ၆ သောင်းခွဲတန် BMW ကားသစ်တစ်စီး စပွန်ဆာရသွားတဲ့ အမ်ဘာပေ
မကြာသေးမီက ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားတဲ့ ကီလီယန်အမ်ဘာပေဟာ အသင်းသစ်သို့ ရောက်ရောက်ချင်းမှာပဲ ပေါင် ၁ သိန်း ၆ သောင်းခွဲတန် BMW ကားသစ်တစ်စီးကို စပွန်ဆာအနေနဲ့ ရရှိပိုင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။
ပြင်သစ်စူပါစတားဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ ကာလရှည်ချိတ်ဆက်နေခဲ့ပြီး ယခုလအတွင်းမှာတော့ ကစားသမားသစ်အဖြစ် တရားဝင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်လို ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းအတွက်ကစားရတာက အမ်ဘာပေအတွက် အကျိုးခံစားခွင့် များစွာရရှိစေမှာဖြစ်ပြီး ကစားသမားဟာ ကွင်းတွင်းကွင်းပြင်အောင်မြင်မှုတွေ ရရှိဖို့ အနီးစပ်ဆုံးနေရာကိုရောက်ရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ယခုအခါမှာတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပထမအသင်းလူစာရင်းမှာ ထည့်သွင်းခံလိုက်ရပြီဖြစ်တာကြောင့် ဂျာမန်ကားကုမ္ပဏီ BMW နဲ့စပွန်ဆာ သဘောတူညီချက်အရ ကားအသစ်တစ်စီးကို လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။ BMW ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ကစားသမားတွေကိုသာမက အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီနဲ့ အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်တို့ကိုပါ ကားတစ်စီးစီ လက်ဆောင်ပေးအပ်ထားတာဖြစ်ပါတယ်။
Marca ရဲ့ဖော်ပြချက်အရ အမ်ဘာပေဟာ i7 M70xDrive အမျိုးအစား BMW ကိုပိုင်ဆိုင်သွားမှာဖြစ်ကာ အဆိုပါကားမှာ အင်ဂျင် ၂ လုံး ပါဝင်တယ်လို့သိရပြီး မြင်းကောင်ရေအား ၄၈၉ နဲ့ ၂၅၈ စွမ်းအင်ရှိပါတယ်။ ဒါ့အပြင် ဒီကားဟာ ၃.၇ စက္ကန့်အတွင်းမှာ အရှိန်ကို ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်းအထိ မြှင့်တင်နိုင်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်စွမ်းကတော့ ၁ နာရီကို ကီလိုမီတာ ၂၅၀ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွက် အသင်းရဲ့လူစာရင်းကို တရားဝင်သတ်မှတ်ထားခြင်းမရှိသေးပေမယ့် အမ်ဘာပေကတော့ သေချာပေါက်ပါဝင်သွားမှာဖြစ်တာကြောင့် အခုလို လက်ဆောင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်စီနီယာ ကစားသမားတွေဟာ BMW ကစပွန်ဆာပေးထားတဲ့ ကားတွေထဲမှ မော်ဒယ် ၄ မျိုးအထိ ရွေးချယ်နိုင်ပြီး ဈေးနှုန်းအချိုသာဆုံးက ပေါင် ၅ သောင်းကျော် တန်ကြေးရှိကာ ဈေးနှုန်းအမြင့်ဆုံးကတော့ ပေါင် ၁ သိန်းခွဲကျော်အထိ တန်ကြေးရှိနေပါတယ်။
ဈေးနှုန်းအမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ plug-in hybrid XM ကို ဂျုဒ်ဘယ်လင်ဟမ်၊ ကော်တိုရစ်နဲ့ ရိုဒရီဂိုတို့အပါအဝင် ကလပ်ရဲ့ ကစားသမား ၈ ဦးက ရွေးချယ်ထားတယ်လို့ သိရပါတယ်၊။ ဗင်နီစီးယက်စ်၊ ချူအာမန်နီနဲ့ အခြားကစားသမား ၅ ဦးကတော့ အလယ်အလတ်ဈေးနှုန်းရှိ BMW i4 မော်ဒယ်တွေကို ရွေးချယ်ထားကြပြီး မန်နေဂျာ အန်ဆယ်လော့တီကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။