
ကွန်ဟာကို ၅ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ယူနိုက်တက်
ဝုဗ်ကြယ်ပွင့်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီး ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ကွန်ဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းကို ပေးချေသွားရမှာဖြစ်ပြီး ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်လိုနေတယ်လို့ သိရပါတယ်။ နည်းပြသစ် ရူဘင်အာမိုရင်ရဲ့လက်ထက် ပထမဆုံးရာသီမှာ ဆုဖလားအောင်မြင်မှုမရခဲ့တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ နဲ့ရာသီသိမ်းခဲ့တာကြောင့် နောက်ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို အခုချိန်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
အာမိုရင်ကိုင်တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ယူနိုက်တက်ဟာ ၁၇ ပွဲသာအနိုင်ရခဲ့ပေမယ့် ပေါ်တူဂီသားကို ရာထူးကနေ ထုတ်ပယ်ခြင်းမရှိဘဲ ဆက်လက်ခန့်အပ်သွားမှာဖြစ်ပါတယ်။ယခုအခါမှာတော့ ကွန်ဟာအနေနဲ့ ယူနိုက်တက်ရဲ့ နွေရာသီပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်လာဖို့ရှိနေပြီး ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
သတင်းတွေအရ ဘရာဇီးသားဟာ အက်စတွန်ဗီလာသို့ ၆ လအငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ကတော့ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးသတ်ထွက်ခွာသွားဖို့ အလားအလာများနေပါတယ်။
ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ သေချာသလောက်ဖြစ်နေပေမယ့် ကွန်ဟာဟာ လောလောဆယ်မှာတော့ ဝုဗ်အသင်းနဲ့ နှုတ်ဆက်ပွဲတွေ ပြုလုပ်ထားခြင်းမရှိသေးပါဘူး။ သို့သော်လည်း ယူနိုက်တက်က ကစားသမားကို အပြီးသတ်ခေါ်ယူကြောင်း လာမယ့်ရက်သတ္တပတ်မှာ အတည်ပြုကြေညာသွားဖွယ်ရှိပါတယ်။