The network connection is lost.

Banner Image

မော်ရိုကို ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့နှောင့်ယှက်မှုကို ဒေါသအိုးပေါက်ကွဲခဲ့တဲ့ မာရှေယာနို

အာဂျင်တီးနား ယူ-၂၃ နည်းပြ ဂျာဗီယာမာရှေယာနိုက ယမန်နေ့က မော်ရိုကိုကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ချေပဂိုးကို ခွင့်ပြုခြင်းမရှိတဲ့ VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာမှတ်ချက်မပေးခဲ့ပေမယ့် ပရိသတ်တွေရဲ့ နှောင့်ယှက်မှုကြောင့် ဘောလုံးပွဲဟာ ဆပ်ကပ်ပွဲနဲ့တူနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

မော်ရိုကိုပရိသတ်တွေရဲ့နှောင့်ယှက်မှုကြောင့် ပွဲဟာ အချိန် ၁ နာရီလောက်ကြန့်ကြာခဲ့ရပြီး အာဂျင်တီးနားက ၁၀၆ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပေမယ့် VAR နဲ့စစ်ဆေးပြီးနောက်မှာ ဂိုးပေးခဲ့ခြင်းမရှိဘဲ ၂-၁ ဆိုတဲ့ရလဒ်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ယခုပွဲစဉ်မှာ ၂-၀ ဆိုတဲ့ရလဒ်ကနေ နောက်ကလိုက်ကစားခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားနဲ့ မော်ရိုကိုတို့ဟာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေရဲ့နှောင့်ယှက်မှုကြောင့် ၂-၂ ဆိုတဲ့ရလဒ်နဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

သို့သော်လည်း နောက်ပိုင်းမှာတော့ ပွဲကိုဆက်ကစားခိုင်းခဲ့ပြီး ၁၀၆ မိနစ်မှာ ရရှိလာတဲ့ အာဂျင်တီးနားရဲ့ချေပဂိုးကို VAR ကလူကျွံဘောအဖြစ်သတ်မှတ်ကာ ခွင့်ပြုပေးခဲ့ခြင်းမရှိပါဘူး။

ပွဲအပြီးမှာတော့ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အာဂျင်တီးနားနည်းပြ မာရှေယာနိုက “ဒီပွဲက ကျွန်တော်မြင်ဖူးသမျှ ဆပ်ကပ်ပွဲတွေထဲမှာ အကြီးဆုံးဆပ်ကပ်ပွဲပါပဲ။ ကစားသမားတွေအတွက် ကျွန်တော့်မှာ ရှင်းပြစရာမရှိပါဘူး။ လုံခြုံရေးအရ ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီလိုတွေဖြစ်လာတာ ကျွန်တော်တို့ မကြိုက်ပါဘူး။ ဒီပြဿနာတွေကို လှောင်လည်းမလှောင်ချင်ပါဘူး။ အခုချိန်မှာတော့ နောက်တစ်ဆင့်ကိုတက်ဖို့ ကျွန်တော်တို့ ကျန်တဲ့ ၂ ပွဲကို အနိုင်ကစားသွားရပါမယ်။ ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တာက တော်တော်လေးကို ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်ပဲအာရုံစိုက်သွားပါမယ်။ ဒါက အတော်လေးစိတ်ရှုပ်စရာကောင်းပေမယ့် အခုချိန်မှာတော့ ကျန်တဲ့ ၂ ပွဲကို အာရုံစိုက်ထားရပါမယ်။ ပြီးခဲ့တာကပြီးပါပြီ။ ကျွန်တော်တို့ ဒေါသကိုထိန်းပြီး နောက်ပွဲတွေမှာ ပြန်လာနိုင်ဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ မော်ရိုကိုပရိသတ်တွေရဲ့နှောင့်ယှက်မှုကြောင့် ပွဲဟာ စုစုပေါင်း ၄ နာရီကျော်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနား ဂန္ထဝင် လီယွန်နယ်မက်ဆီကလည်း ယခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကျေနပ်ခြင်းမရှိဘဲ  “မယုံနိုင်စရာပဲ” လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

ယခုပွဲစဉ် မစတင်မှာကတည်းက ပရိသတ်တွေဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဖလားရရှိပြီးနောက်မှာ ပြင်သစ်အသင်းနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားတဲ့သီချင်းဆိုခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်နိုင်ငံမှာကျင်းတဲ့ ယခုအိုလံပစ်ပြိုင်ပွဲမှာ ပရိသတ်တွေဟာ အာဂျင်တီးနားယူ-၂၃ ရဲ့ပွဲစဉ်ကို ဆိုင်းငံ့ဖို့အတွက် ဖိအားပေးခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုခံခဲ့ရပြီး ကွင်းလယ်ဒိုင်က အချိန်ပို ၁၆ မိနစ်အထိ သတ်မှတ်လိုက်တဲ့နောက်မှာတော့ အခြေအနေက ပိုမိုဆိုးရွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အန်ဇိုဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနား အသင်းဖော်တွေနဲ့အတူ ပြင်သစ်လက်ရွေးစင်အသင်းကို လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါဝင်တဲ့ သီချင်းကိုသီဆိုခဲ့တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကို ရှုတ်ချခြင်းကို ခံထားရတာဖြစ်ပါတယ်။