
မင်နီဆိုးတားယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် အသင်းစွမ်းဆောင်ရည်ကို ကာကွယ်ပြောကြားလိုက်တဲ့ မာရှေးယာနို
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုကတော့ မင်နီဆိုးတားယူနိုက်တက်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။ အင်တာမိုင်ယာမီအတွက် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲမြောက်အရေးနိမ့်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ဂိုးနဲ့ ၂-၁ ပြန်လာနိုင်ခဲ့ပေမယ့် တတိယမြောက်ဂိုးကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
“တတိယမြောက်ဂိုးက ကျွန်တော်တို့ကို သတ်လိုက်တာပါ။ ကံမကောင်းစွာနဲ့ ခက်ခဲတဲ့ရှုံးပွဲဖြစ်ခဲ့ပြီး ဘာလို့လဲဆိုတော့ အရာအားလုံးပါပဲ။ ကျွန်တော်တို့ မင်နီဆိုးတားက ဒီနည်းလမ်းနဲ့ ဒုက္ခပေးနိုင်တယ်ဆိုတာကို သိထားပါတယ်။ သူတို့ ပြင်ဆင်လာခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို မတူညီတဲ့နည်းလမ်းနဲ့ ပြင်ဆင်ခဲ့ပါတယ်။ ဒီမနက်ခင်းမှာ ဖာဖာနိုးလာခဲ့ပေမယ့် မကစားနိုင်တာကြောင့် ကျွန်တော်တို့ ပြောင်းလဲပြင်ဆင်ခဲ့ရပါတယ်။
နေရာအချို့မှာ တိုးတက်ဖို့ လိုအပ်ခဲ့ပြီး အဓိကအားဖြင့် ခံစစ်ပိုင်းပါ။ နေရာလွတ်တွေရှာဖွေဖို့ ခက်ခဲခဲ့ပါတယ်။ မှန်ပါတယ်။ ဒီပွဲအတွက် ဆင်ခြေပေးလို့မရပါဘူး။ ကျွန်တော်တို့ အဲ့အတွက် အလုပ်လုပ်ရပါမယ်။
ပြိုင်ဘက်ကလည်း အကောင်းဆုံးအနေအထားရှိခဲ့ပြီး ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအချို့ရခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ဆင်ချိန်တိုင်းမှာ အလှည့်အပြောင်းမှာ ဆိုးဝါးခဲ့ပါတယ်”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီအတွက်တော့ အခုရာသီ ဒုတိယမြောက်ရှုံးပွဲဖြစ်ခဲ့သလို နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပါတယ်။
အင်တာမိုင်ယာမီဟာ ရလဒ်ပိုင်းအပြင် ဒီရာသီ ၄ ပွဲမှာ ၁၃ ဂိုးအထိ ပေးထားခဲ့ရတာဖြစ်ပါတယ်။ ဆွာရက်ဇ်မပါဝင်နိုင်မှုကြောင့် အင်တာမိုင်ယာမီအနေနဲ့ တိုက်စစ်မှူးမပါပဲ ကစားခဲ့ရပြီး ပထမပိုင်းမှာ ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ကာ ဒုတိယပိုင်းမှာမှ မက်ဆီရဲ့ချေပဂိုးနဲ့ ၂-၁ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မင်နီဆိုးတားအသင်းကပဲ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်နေတဲ့ အနိုင်ဂိုးတွေကို သွင်းယူကာ ၄-၁ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။