The network connection is lost.

Banner Image

ပယ်လင်ဟာက ဘိုင်ယန်ကို ပိုတိုးတက်လာစေမှာဖြစ်တယ်လို့ မာတီနက်ဇ် ပြောကြား

ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ဘိုင်ယန်အနေနဲ့ ပယ်လင်ဟာကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပိုတောင့်တင်းတဲ့အသင်းဖြစ်လာမယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ပြီးခဲ့တဲ့သြဂုတ်လကတည်းက ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံး နာရီပိုင်းအလိုမှာမှ ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ဘိုင်ယန်ကိုပြောင်းရွှေ့ချင်ကြောင်း မကွယ်မဝှက်ထုတ်ဖော်ပြောကြားထားကာ ယခင်အပြောင်းအရွှေ့တုန်းက ပေါင် ၃၈ သန်းကြောင့် ၂ သင်းကြား ညှိနှိုင်းရခက်ခဲနေတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဖူလ်ဟမ်ဘက် ပေါင်သန်း ၆၀ လောက်တောင်းဆိုဖွယ်ရှိနေပြီး ယူနိုက်တက် ၊ ဘာစီလိုနာတို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်ကတော့ ပယ်လင်ဟာရဲ့ဦးစားပေးအသင်းဟာ မိမိတို့အသင်းဖြစ်တယ်လို့ နားလည်ထားဆဲဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ လက်ရှိမှာနိုင်ငံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲပါဝင်ကစားနေပြီး မနေ့ညက ဆလိုဗေးနီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပယ်လင်ဟာရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မာတီနက်ဇ်က “ကျွန်တော် ဂျာအိုရဲ့စွမ်းဆောင်ရည်ကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော် အဲ့တာကို ဝန်ခံပါတယ်။ သူ့မှာ ဒီလိုပွဲမျိုးအတွက် လိုအပ်တဲ့အရည်အချင်းမျိုးရှိနေပါတယ်။
ဆလိုဗေးနီးယားမှာ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ရှိနေပါတယ်။ ဆက်စ်ကို ၊ စပိုအာတို့ကလည်း အရမ်းကောင်းကြပါတယ်။ သူသာရှိမနေရင် ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပါတယ်။ သူက ဘိုင်ယန်ကိုပိုကောင်းလာစေမှာ သေချာပါတယ်။ သူက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ကစားသမားတွေကို ပိုကောင်းလာစေပါတယ်။ ပေါ်တူဂီမြေမှာ အောင်မြင်မှုတွေအများကြီးရယူနိုင်ခဲ့ပြီးနောက် သူ့ကစားသမားဘဝအကောင်းဆုံး အခိုက်အတန့်မှာရောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့နောက် သူပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ခဲ့ပြီး ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ သူက ကောင်းတာတွေနဲ့ထိုက်တန်ပါတယ်။ ဒီနေ့မှာ ကျွန်တော်ပြောနိုင်တာထက် သူ့ရဲ့စွမ်းဆောင်ရည်က ပိုကောင်းနေပါတယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းနိုင်ပွဲအပြီးမှာ ပယ်လင်ဟာက သူကစားချင်တဲ့အသင်းအကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အနာဂတ်က စိုးရိမ်စရာပါ။ ၂ သင်းစလုံး ကျွန်တော်ဘယ်မှာကစားချင်လဲဆိုတာ သိပါတယ်”လို့ ပယ်လင်ဟာက ပြောကြားခဲ့ပါတယ်။

ပယ်လင်ဟာကတော့ ဖူလ်ဟမ်အတွက် ၇၉ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး စာချုပ်သက်တမ်း ၂၀၂၈ အထိ ကျန်ရှိနေတာဖြစ်ပါတယ်။