
ကွန်းဖရန့်လိဂ်အောင်ပွဲက ချဲလ်ဆီးပြန်လာပြီဆိုတဲ့ လက္ခဏာလို့ မာရက်စ်ကာ ယုံကြည်နေ
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ကွန်းဖရန့်လိဂ်အောင်ပွဲက ချဲလ်ဆီးပြန်လာပြီဆိုတဲ့လက္ခဏာလို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ နီးစပ်နေပြီး ပထမအကျော့တုန်းက ဆွီဒင်ကလပ် ဒီဂျူးဂါးဒန်းအသင်းကို ၄-၁ နဲ့အနိုင်ရရှိထားခဲ့ပါတယ်။
တကယ်လို့ ချဲလ်ဆီးအနေနဲ့ အခုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ကိုတိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပေမယ့် မာရက်စ်ကာက ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ကျန် ၃ ပွဲကျန်နေချိန်မှာ ချဲလ်ဆီးအသင်းဟာ အဆင့် ၆ နေရာက နော်တင်ဟမ်ကို ၂ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။
ဒါပေမယ့် မာရက်စ်ကာက အသင်းတစ်သင်းမှာ နိုင်လိုစိတ်ဖန်တီးနိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော့်အတွက် ဒီရာသီမှာ ဆုဖလားအောင်မြင်မှုရမယ့်ရာသီလို့ ထင်ပါတယ်။ ကွန်းဖရန့်လိဂ်ဖလားပါ။ အဲ့ဖလားရယူနိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးပြန်လာမယ့်လက္ခဏာပါ။ အဲ့ကနေ အစပြုပြီး နိုင်လိုစိတ်ဖန်တီးနိုင်ရမှာဖြစ်ပါတယ်”လို့ မာရက်စ်ကာက ဖြေကြားခဲ့ပါတယ်။
ကစားသမားတစ်ဦးအနေနဲ့ မာရက်စ်ကာဟာ ဆီဗီလာနဲ့အတူ ယူအီးအက်ဖ်အေဖလား ၂ ကြိမ်ရယူထားနိုင်ခဲ့ပြီး ၂၀၀၆ မှာ ယူအီးအက်ဖ်အေစူပါဖလားရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အီတလီသားနည်းပြက သူ့အနေနဲ့ ဂျူဗင်တပ်စ်မှာတုန်းက နိုင်လိုစိတ်ဖန်တီးနိုင်ခဲ့တာကို ဥပမာပေးခဲ့ပါတယ်။
မာရက်စ်ကာဟာ ဂျူဗင်တပ်စ်မှာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ အထိ ကစားသမားအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။ “အဲ့လိုအခြေအနေမျိုးဖြစ်နေဖို့ အရေးကြီးပါတယ်။ အတွေ့အကြုံတွေကနေ သင်ခန်းစာယူရတာပါ။ ဂျူဗင်တပ်စ်နဲ့အတူ နိုင်လိုစိတ်ဖန်တီးနိုင်ခဲ့ပြီး အသင်းသေးတွေပွဲကနေစပြီး နိုင်လိုစိတ်ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပြိုင်ပွဲစုံမှာ နိုင်လိုစိတ်ဖြစ်လာခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုတွေရယူနိုင်တာက တကယ်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ဘယ်လိုအနိုင်ယူရမလဲဆိုတာကို သင်ယူနိုင်ပါတယ်။ ချဲလ်ဆီးက ထိပ်တန်းအသင်းဖြစ်တာကြောင့် ဆုဖလားတွေရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းအတွင်းမှာ ဘယ်လိုအောင်မြင်မှုယူရမလဲဆိုတာကို သင်ယူဖို့ အရေးကြီးပါတယ်။
အတိတ်ကာလတုန်းက ချဲလ်ဆီးက ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အသင်းပါ။ ကျွန်တော်အပါအဝင် ကစားသမားတွေကလည်း တစ်နေ့ချင်းကြိုးစားနေပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ နိုင်လိုစိတ်ကိုအရင်တည်ဆောက်ဖို့ လိုအပ်ပါတယ်။
အသင်းသေးတွေနဲ့ပွဲတွေမှာ အနိုင်ကန်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ ကွန်းဖရန့်လိဂ်က အရေးကြီးပါတယ်။ အဲ့နောက် ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဖလားရဖို့ လိုအပ်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ အခြားပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ လိုအပ်ပါတယ်”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။