
အပူဒဏ်နဲ့ ပင်ပန်းနွမ်းလျမှုကြောင့် အလှည့်ကျလူထုတ်ပုံကို စီမံဆောင်ရွက်သွားမယ့် မာရက်စ်ကာ
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးထိပ်သီးဖလာမင်ဂိုနဲ့ ရင်ဆိုင်ရမယ့် သောကြာနေ့၊ အုပ်စုဗိုလ်နေရာလုပွဲအတွက် ပြင်ဆင်နေချိန် မြောက်အမေရိကဒေသရဲ့နွေရာသီအပူရှိန်နဲ့အတူ ရှည်လျားလှတဲ့ဘောလုံးရာသီတို့ကြောင့် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာအတွက် အသင်းလူစာရင်းပိုင်းကို ထိန်းညှိကိုင်တွယ်ဖို့ တွန်းအားရှိလာခဲ့ပါတယ်။
ရှုံးထွက်အဆင့်မတိုင်ခင် အုပ်စု(D)ရဲ့ထိပ်ဆုံးနေရာအတွက် အဆုံးအဖြတ်ပေးသွားဖွယ်ရှိတဲ့ပွဲစဉ်နဲ့အတူ မာရက်စ်ကာက ချဲလ်ဆီးကစားသမားတွေရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းသွားဖို့ လေ့ကျင့်ရေးအစီအစဉ်တွေရဲ့ ပြင်းထန်မှုနဲ့ ကြာချိန်ကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲအတွင်း မာရက်စ်ကာက “ နေ့အပူချိန်ကြောင့် သိပ်တော့လည်း မလွယ်ကူပါဘူး။ ကစားသမားတွေကို အလှည့်ကျအသုံးပြုသွားဖို့ ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့အတွက် ကံမကောင်းစေတဲ့အချက်ကတော့ အခုလိုအပူချိန်မျိုးအောက်မှာ ကစားရတာကို ဘရာဇီးကလပ်အသင်းတွေ ကျင့်သားရနေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ပွဲစဉ်ကို အနိုင်ရရှိအောင် ကြိုးစားသွားရပါမယ်။
ပွဲစဉ်တိုင်းမှာ ကစားသမားသုံးလေးငါးယောက်လောက် အလှည့်ကျအသုံးပြုသွားဖို့ လိုအပ်ပါတယ်။ ၁၁ လဆက်တိုက် ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေဖို့ဆိုတာ ကစားသမားတိုင်းအတွက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့နေ့စဉ်လေ့ကျင့်ရေးအစီအစဉ်တွေမှာ ရုပ်ပိုင်းဆိုင်ရာပြင်းထန်မှုတွေထက် နည်းဗျူဟာပိုင်းကဏ္ဍတွေကို ဦးစားပေးကာ လေ့ကျင့်မှုအစီအစဉ်တွေလျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ်ဘောလုံးရာသီအပြီး ယူရိုပါကွန်ဖရန့်လိဂ်သရဖူဆောင်းပြီးနောက် ကာလတိုအတွင်းမှာပဲ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်တွေ စတင်ခဲ့ပါတယ်။ မာရက်စ်ကာကိုယ်တိုင်ကတော့ ဆုဖလားအောင်မြင်မှုတွေ ပိုမိုရယူနိုင်ဖို့ အာရုံစိုက်လာခဲ့ပါပြီ။
သူက “ ပရီးမီးယားလိဂ်ဘောလုံးရာသီအပြီး အားလပ်ရက်အချို့ရရှိကာ အခုပြိုင်ပွဲအတွက် ပြန်လည်စတင်ရလို့ ရာသီကြိုကာလတစ်ခုလို ခံစားမိပါတယ်။ ဒါပေမဲ့ အခုက ရာသီကြိုကာလမဟုတ်ပါဘူး။ ပြိုင်ပွဲကြီးတစ်ခုပါ။ နိုင်ပွဲတွေရယူပြီး တက်နိုင်သမျှခရီးဆက်နိုင်ဖို့ ကျွန်တော်တို့တွေ ဒီနေရာမှာရောက်ရှိနေတာပါ”လို့ ဆိုပါတယ်။ ချဲလ်ဆီးနဲ့ ဖလာမင်ဂိုက LAFC ၊ တူနစ်တို့ကို နှစ်ဂိုးပြတ်စီအနိုင်ယူပြီးနောက် အုပ်စု(D)ရဲ့ထိပ်ဆုံးနေရာမှာ သုံးမှတ်စီဖြင့် ပူးတွဲရပ်တည်နေပါတယ်။