The network connection is lost.

Banner Image

နီကာဇာနဲ့ပွဲမှာ ညာဘက်ခြေထောက် အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မက်ဆီ

အင်တာမီယာမီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယမန်နေ့က နီကာဇာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ပွဲအစ ၁၁ မိနစ်မှာပဲ လူစားလဲခံခဲ့ရပြီး ယခုအခါမှာတော့ ကစားသမားဟာ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြုလာခဲ့ပါတယ်။ 

မက်ဆီအနေနဲ့ ပွဲအစ ၇ မိနစ်မှာကတည်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆက်ကစားဖို့ ကြိုးစားခဲ့သေးပေမယ့် ၄ မိနစ်အကြာမှာပဲ လူစားလဲဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ အသင်းဖော် ဖက်ဒရစ်ကိုရီဒွန်ဒိုနဲ့ လူစားလဲလှယ်ပြီးနောက် မက်ဆီဟာ အရန်ခုံမှာပင် မထိုင်တော့ဘဲ အဝတ်လဲခန်းအတွင်းသို့ ချက်ချင်းဝင်သွားခဲ့ကာ ဆေးကုသမှုခံယူခဲ့ပါတယ်။ 

မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး အင်တာမီယာမီဘက်က "နီကာဇာနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ မက်ဆီ ဒဏ်ရာရခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့ဒဏ်ရာကို အကဲဖြတ်ပြီးပါပြီ။ ကစားသမားဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆက်ကစားဖို့ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဆေးစစ်ချက်အရ သူဟာညာဘက်ခြေထောက် အသေးစားကြွက်သားဒဏ်ရာကြုံတွေ့ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အခုချိန်မှာတော့ သူ့ကို ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မီယာမီဟာ နီကာဇာကို သာမန်ပွဲကစားချိန်အတွင်း ၂-၂ နဲ့သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ၅-၄ နဲ့အနိုင်ရခဲ့ပါတယ်။ မက်ဆီဟာ ယခု ၂၀၂၅ ခုနှစ်အတွင်း အင်တာမီယာမီအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေပြီး ယခုရာသီအတွင်း ၁၈ ပွဲအထိပါဝင်ကစားထားသလို၊ ပြီးခဲ့တဲ့ဇွန်လက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၄ ပွဲစလုံးပါဝင်ကစားခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး ယခုချိန်အထိ အင်တာမီယာမီအတွက် စုစုပေါင်း ၃၁ ပွဲအထိ ပါဝင်ကစားပေးထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း ၂ ပွဲအထိ ကစားပေးထားပါတယ်။ မကြာသေးမီက မေဂျာလိဂ်အောစတားပွဲစဉ်မှာ ပါဝင်ဖို့ မက်ဆီအနေနဲ့ ရွေးချယ်ခံခဲ့ရပေမယ့် အနားယူဖို့လိုအပ်တာကြောင့် အဆိုပါပွဲစဉ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် မေဂျာလိဂ်က မက်ဆီက ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ပြီး အရေးယူခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်နွေရာသီက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့မက်ဆီဟာ ၂၀၂၄ လိဂ်ဖလားပွဲစဉ်တွေမှာတော့ အင်တာမီယာမီအတွက် ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာလည်း မက်ဆီတစ်ယောက်ဒဏ်ရာအသေးစားရခဲ့ပေမယ့် အသင်းအတွက် ဘယ်အချိန်မှာ ပြန်လည်ကစားပေးနိုင်မလဲဆိုတာ မီယာမီဘက်က အသိပေးခြင်းမရှိသေးတာကြောင့် ဒဏ်ရာအခြေအနေကို ဆက်လက်စောင့်ကြည့်သွားရဖွယ်ရှိနေပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ အင်တာမီယာမီဟာ နောက်ထပ် လိဂ်ဖလားပွဲစဉ်အဖြစ် မက္ကဆီကိုကလပ် ပူမက်စ်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။