ပထမဆုံး ခြေစမ်းပွဲမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပေမယ့် အသင်းရဲ့နည်းဗျူဟာကို ဆက်လက်ထောက်ခံခဲ့တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ဝရက်ဇ်ဟမ်းနဲ့ သရေကျခဲ့တဲ့ ပထမဆုံးခြေစမ်းပွဲမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပေမယ့် အသင်းရဲ့နောက်တန်းကစားပုံကို ဆက်လက်ထိန်းသိမ်းသွားမယ့်အကြောင်းနဲ့ နည်းဗျူဟာအရ ကောင်းမွန်တဲ့ကစားပုံရှိခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။
မာရက်စ်ကာရဲ့ ချဲလ်ဆီးနည်းပြ ဘဝပထမဆုံးပွဲစဉ်မှာ ၂ ဂိုးအထိခွင့်ပြုခဲ့ရပေမယ့် အန်ကွန်ကူနဲ့ ယူဂိုချူကူတို့ရဲ့သွင်းဂိုးတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းမရှိဘဲ သရေရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာယာမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ ချဲလ်ဆီးက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း ၃၅ မိနစ်မှာ အန်ကွန်ကူက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဝရက်ဇ်ဟမ်းရဲ့စွမ်းဆောင်ရည်ကလည်း အတော်လေးအထင်ကြီးစရာကောင်းခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်ကို သရေကျခဲ့တဲ့ ပွဲစဉ်ကခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်မှာ ဝရက်ဇ်ဟမ်းက တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၅၉ မိနစ်မှ ပြန်လည်ရရှိခဲ့ပြီး နောက်ခံလူ ဘိုလ်တန်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ထို့နောက် ပွဲကစားချိန် ၇၁ မိနစ်မှာတော့ ဝရက်ဇ်ဟမ်းဟာ ဦးဆောင်ဂိုးပြန်လည်ရရှိခဲ့ပြီး လူစားဝင်တိုက်စစ်မှူး မာရီယော့က သွင်းယူပေးခဲ့ပါတယ်။ သို့သော်လည်း ချဲလ်ဆီးအတွက် ချေပဂိုးကို လူစားဝင်ကွင်းလယ်ကစားသမား ယူဂိုချူကူက ၈၂ မိနစ်မှာပြန်လည် သွင်းယူပြီး မာရက်စ်ကာရဲ့ ပထမဆုံးပွဲဦးထွက်ကို ရှုံးပွဲမကြုံတွေ့အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတာနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ မာရက်စ်ကာက “ဂိုးတွေအများကြီးမပေးရဖို့တော့ မျှော်လင့်ခဲ့ပါတယ်။ အသင်းကို ဒီလိုပုံစံနဲ့တည်ဆောက်တဲ့အချိန်မှာ စွန့်စားရတာတွေရှိခဲ့တာကြောင့် ဒီလိုဂိုးတွေပေးလိုက်ရတာပါ” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး လက်စတာနည်းပြဟောင်းက အသင်းရဲ့ကစားပုံကို ဒီအတိုင်းပဲဆက်လက်တည်ဆောက်သွားမယ်လို့ပြောကြားခဲ့ပြီး နည်းဗျူဟာပြောင်းလဲမှုတွေပြုလုပ်သွားဖို့ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။
အသက်-၄၄ နှစ်အရွယ် မာရက်စ်ကာက “ကျွန်တော့်ရဲ့နည်းဗျူဟာအပေါ်မှာ သံသယမရှိပါဘူး။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် သွင်းဂိုးတွေကတော့ ခွင့်ပြုရမှာပါပဲ။ ဘယ်လိုပုံစံနဲ့ ခွင့်ပြုရမလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆုံးဖြတ်လို့ရပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။