The network connection is lost.

Banner Image

တာစတီဂန်ကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာဟာ ဂိုးသမား မာ့ခ်အန်ဒရေတာစတီဂန်ကို အသင်းခေါင်းဆောင်ရာထူးမှဖယ်ရှားလိုက်ပြီး ဒုတိယအသင်းခေါင်းဆောင် ရိုနယလ်အရူဂျိုကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကလပ်ရဲ့ဝက်ဘ်ဆိုက်မှတစ်ဆင့်အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ တာစတီဂန်ကို အသင်းခေါင်းဆောင်ရာထူးမှထုတ်ပယ်ခဲ့ခြင်းမှာ ကစားသမားအနေနဲ့ အသင်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်အချို့မှာ သဘောတူညီဖို့ငြင်းဆန်ခဲ့ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိကြောင်း တုံ့ပြန်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပြီး စည်းကမ်းမလိုက်နာတဲ့ခေါင်းစဉ်နဲ့အတူ အခုလိုပဲ အရေးယူခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ တာစတီဂန်ဟာ သူ့အနေနဲ့ ၃ လလောက်အထိပဲ အနားယူပြီး ဘာစီလိုနာအတွက် ပြန်ကစားပေးလိုနေပေမယ့် ဘာစီလိုနာဘက်ကတော့ ဂိုးသမားကို အပြီးသတ်ရောင်းချလိုတာကြောင့် ဒဏ်ရာပြဿနာဟာ ၄-၅ လအထိကြာရှည်နိုင်ကြောင်း ကြေညာပြီး လစာမပေးချေဘဲ အသင်းကနေရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ တာစတီဂန်ကိုပေးချေသွားရမယ့် လစာပမာဏထဲမှ ၈၀ ရာခိုင်နှုန်းကိုအသုံးပြုပြီး ကစားသမားသစ်တွေအတွက် မှတ်ပုံတင်ပြုလုပ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာက တာစတီဂန်ကို ဆေးစစ်ချက်ထဲမှာ ၄-၅ လောက်အထိအနားယူရနိုင်ကြောင်း လက်မှတ်ရေးထိုးဖို့ စေခိုင်းပြီး လာလီဂါကိုတင်ပြလိုခဲ့ပေမယ့် ဂျာမန်သားက လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘာစီလိုနာအကြီးအကဲတွေနဲ့ တာစတီဂန်တို့အကြား တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး ဝါရင့်ဂိုးသမားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ 

ကလပ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ဘာစီလိုနာက "ဘာစီလိုနာဟာ အသင်းရဲ့ဂိုးသမား မာ့ခ်အန်ဒရေတာစတီဂန်ကို စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် အသင်းခါင်းဆောင်ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ဒီပြဿနာတွေကို မဖြေရှင်းနိုင်မချင်း အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အပြန်အလှန်သဘောတူညီချက်အရ တာစတီဂန်ကို ရာထူးကနေ ထုတ်ပယ်ထားမှာဖြစ်ပါတယ်။ လက်ရှိကြားကာလအတွင်းမှာတော့ အသင်းခေါင်းဆောင်တာဝန်ကို ဒုတိယအသင်းခေါင်းဆောင် ရော်နယ်အရူဂျိုက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကလပ်ရဲ့အကြီးအကဲတွေနဲ့ ဂိုးသမားတာစတီဂန်တို့အကြား သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် နည်းပြ ဟန်ဆီဖလစ်အနေနဲ့ကတော့ အသင်းရဲ့စွမ်းဆောင်ရည်တိုးတက်ဖို့သာ အာရုံစိုက်နေပြီး လာမယ့်ဩဂုတ်လ ၁၁ ရက်နေ့မှာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကလပ်ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်ကိုင်တွယ်နေတဲ့ အီတလီကလပ်ကိုမိုနဲ့ ယှဉ်ပြိုင်သွားရပါမယ်။