ဆဲလ်တစ်ကို ၄-၁ နဲ့ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
ယနေ့နံနက် ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဆဲလ်တစ်ကို ၄-၁ နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက သူ့ရဲ့အသင်းဟာ အားနည်းချက်တွေရှိနေပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဆဲလ်တစ်ဟာ ထက်မြက်တဲ့ခြေစွမ်းကိုပြသပြီး ပထမဆုံး အတွင်းမှာပဲ ၂ ဂိုးပြတ်ဦးဆောင်ကာ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဆဲလ်တစ်က ၂ ဂိုးထပ်မံသွင်းယူပြီး ချဲလ်ဆီးကို ဂိုးမပေးရဖို့ကြိုးစားခဲ့ပွဲပြီးကာနီးမှာတော့ အန်ကွန်ကူရဲ့ပင်နယ်တီသွင်းဂိုးကြောင့် နှစ်သိမ့်ချေပဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ ဝက်စ်ဟမ်းကို ၂-၂ နဲ့သရေကျခဲ့တဲ့ ချဲလ်ဆီးအတွက်တော့ ယခုပွဲစဉ်မှာလည်း တိုးတက်မှုမရှိခဲ့ဘဲ နိုင်ပွဲပျောက်ခဲ့ရပြန်တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မာရက်စ်ကာက "ရလဒ်က အမြဲတမ်းအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲကို ယေဘုယျအားဖြင့် ခွဲခြမ်းစိတ်ဖြာဖို့လည်း လိုပါသေးတယ်။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ဘောလုံးစွမ်းရည်က ဝရက်ဇ်ဟမ်းနဲ့ပွဲတုန်းကထက် ၁၀ ဆလောက်ပိုကောင်းခဲ့တယ်ဆိုတာ ဒုတိယပိုင်းအခွင့်အရေးဖန်တီးနိုင်မှုတွေနဲ့ သက်သေပြနိုင်ပါတယ်"
"ဒါပေမယ့် ဘောလုံးစွမ်းရည်နဲ့မသက်ဆိုင်တဲ့အပိုင်းမှာတော့ ကျွန်တော်တို့ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနီးကပ်ဘောလုံးပေးပို့မှုတွေမှာ တိုးတက်ဖို့လိုပါသေးတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကစားသမားတွေ စုံပြုံနေတတ်ပြီး ရှုပ်ယှက်ခတ်နေတာကြောင့် ဒီအပိုင်းကို ပြုပြင်သွားရပါမယ်"
"ဘောလုံးကိုင်မထားတဲ့အချိန်မှာ ကစားသမားတွေက ရှုပ်ယှက်ခတ်နေတတ်ပေမယ့် ဒါက ဒီအချိန်မှာတော့ အပြစ်ပြောစရာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ပွဲပြီးတစ်ပွဲ၊ လေ့ကျင့်ရေးတစ်ခုပြီးတစ်ခုအပြီးမှာတော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်မတိုင်ခင် ကစားသမားတွေအားလုံးကို အကြံဉာဏ်တွေမျှဝေနိုင်ဖို့ အချိန်အလုံအလောက်ရှိရဲ့လားလို့ မေးမြန်းခဲ့ရာ မာရက်စ်ကာက "ကျွန်တော့် ရာသီအစ ပထမဆုံးပွဲအတွက်တော့ အဆင်သင့်ဖြစ်နေမှာသေချာပါတယ်။ အခုလည်း တိုးတက်မှုတွေရှိအောင် ပြုလုပ်နေပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့ဖြစ်မှာမဟုတ်ပါဘူး။ အခက်အခဲတွေနဲ့ ကြုံရဦးမှာပါ"
"ရလဒ်ကအရေးကြီးသလို အသင်းရဲ့ကစားပုံကလည်း အရမ်းအရေးပါပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့နဲ့ ပြိုင်ဘက်အသင်းရဲ့ ရုပ်ပိုင်းဆိုင်ကြံ့ခိုင်ရေးကလည်း ကွာခြားမှုရှိခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ကြံ့ခိုင်ရေးအရ ရုန်းကန်ခဲ့ရပါတယ်။ ၃ ပွဲ ၄ ပွဲလောက်ကစားပြီး ရာသီအစမှာတော့ အဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။