ဒီဘရိုင်းနေရာအတွက် ခရစ္စတယ်ပဲလေ့စ်စတားနဲ့ အစားထိုးချင်နေတဲ့ မန်စီးတီး
သတင်းတွေအရ မန်စီးတီးအသင်းဟာ ဒီဘရိုင်းနေရာအတွက် ခရစ္စတယ်ပဲလေ့စ်စတား အီဇီကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံသားဟာ ဆော်ဒီမြေကိုပြောင်းဖို့ ချိတ်ဆက်နေတာဖြစ်ပြီး အယ်လ်-အီတီဟက်အသင်းက မြင့်မားတဲ့ တန်ကြေးနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ ဒီဘရိုင်းအနေနဲ့ ဆော်ဒီမြေကို ပြောင်းဖြစ်ခဲ့ရင် ဂွါဒီယိုလာက သူ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
မယ်ရာသတင်းဌာနရဲ့အဆိုအရ စီးတီးဟာ ဒီဘရိုင်းနေရာအတွက် ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ အီဇီကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ အင်္ဂလန်သားကို တော့တင်ဟမ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ အီဇီနဲ့ပဲလေ့စ်တို့ကြား စာချုပ်သက်တမ်းက ၃ နှစ်ကျန်ရှိနေတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၆၀ ကျော်လောက်ရှိနေပါတယ်။
စီးတီးဘက်ကတော့ ဒီဘရိုင်းနေရာအတွက် အသက် ၂၆ နှစ်သားနဲ့ ရေရှည်အစားထိုးချင်နေပါတယ်။ ပဲလေ့စ်ဘက်က အိုလစ်ဆီကို ဘိုင်ယန်ထံ လက်လွှတ်ထားရပြီးဖြစ်ကာ အီဇီကိုတော့ ဆက်ထိန်းထားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် နည်းပြ အိုလီဗာရဲ့အစီအစဉ်ထဲမှာလည်း အီဇီက ပါဝင်နေတာကြောင့် အသင်းမှာဆက်ထိန်းထားဖွယ်ရှိနေပါတယ်။