The network connection is lost.

Banner Image

Amazon နဲ့ဆွေးနွေးခဲ့တဲ့ ရုပ်သံမှတ်တမ်းအစီအစဉ်ကို အာမိုရင်ရဲ့ဆန့်ကျင်မှုနဲ့အတူ ယူနိုက်တက်ဘက်မှ ပယ်ချ

မန်ချက်စတာယူနိုက်တက်ဟာ Amazon နဲ့လျှို့ဝှက်ဆွေးနွေးနေတဲ့ ပေါင် ၁၀ သန်းတန် 'All or Nothing' ရုပ်သံမှတ်တမ်းအစီအစဉ်ကို ယခုအခါမှာတော့ နည်းပြရူဘင်အာမိုရင်ရဲ့ဆန့်ကျင်မှုနဲ့အတူ ပယ်ချလိုက်ပြီလို့သိရပါတယ်။ အသင်းမှာ ဘဏ္ဍာရေးပြဿနာတွေရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ ငွေကြေးပိုင်းလိုအပ်မှုတွေရှိနေပေမယ့် အာမိုရင်ကတော့ အသင်းပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေမှာ အဆိုပါရုပ်သံမှတ်တမ်းတွေက အနှောင့်အယှက်ပေးနိုင်တယ်လို့ရှုမြင်တာကြောင့် အစီအစဉ်ကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ ယူနိုက်တက်ရဲ့ရိုက်ကွင်းနောက်ကွယ်မှာ အဖြစ်အပျက်တွေကို ထုတ်ဖော်ပြသဖို့အတွက် Amazon မှရုပ်သံမှတ်တမ်းတစ်ခုပြုလုပ်ဖို့ဆွေးနွေးခဲ့တာဖြစ်ပြီး သဘောတူညီမှုရရှိပါက ယူနိုက်တက်အနေနဲ့ ပေါင် ၁၀ သန်းတန်စာချုပ်ကို ချုပ်ဆိုခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါစာချုပ်ဟာ ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး ရုပ်သံမှတ်တမ်းစာချုပ်အဖြစ်လည်း မှတ်တမ်းဝင်သွားမယ်လို့သိရပါတယ်။ 

သို့သော်လည်း နည်းပြအာမိုရင်ကတော့ အခုလို အသင်းရဲ့အကူးအပြောင်းကာလအခြေအနေတွေမှာ ဒီလိုရုပ်သံမှတ်တမ်းတွေက ကစားသမားတွေရဲ့အာရုံစူးစိုက်မှုကို လျော့နည်းစေနိုင်တယ်လို့ ယူဆတာကြောင့် ဆွေးနွေးမှုတွေကို ပယ်ချဖို့ ဆန့်ကျင်ခဲ့ပါတယ်။ နောက်ရာသီဥရောပဝင်ခွင့်မရသလို၊ ဘဏ္ဍာရေးအခြေအနေကလည်း တောင့်တင်းတဲ့အနေအထားမှာမရှိပေမယ့် ယူနိုက်တက်ဟာ အာမိုရင်ရဲ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့် ပေါ်တူဂီသားဟာ အိုးလ်ထရက်ဖို့ဒ့်မှာ အတော်လေးအရာရောက်နေပြီလို့ဆိုရမှာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့ စီးပွားရေးဌာန၊ INEOS နဲ့ စီအီးအို အိုမာဘာရာဒါတို့ဟာ အသင်းရဲ့စီးပွားရေးအခြေအနေတိုးတက်လာဖို့အတွက် အာရုံစိုက်နေပေမယ့် အာမိုရင်ရဲ့ရပ်တည်မှုကိုလည်း လေးစားတာကြောင့် Amazon နဲ့ပြုလုပ်နေတဲ့ဆွေးနွေးမှုကို အခုလိုပဲ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်အနေနဲ့ အသင်းနဲ့လမ်းခွဲခဲ့တဲ့ စပွန်ဆာတွေနဲ့ ကြီးမားတဲ့ကြွေးကျန်တွေရဲ့ အကျိုးသက်ရောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် အခြားစီးပွားရေးလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး  ကလပ်ရဲ့ စွမ်းဆောင်ရည်ပိုင်းတိုးတက်မှုအတွက်လည်း ကစားသမားသစ်တွေ ဆက်လက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။