The network connection is lost.

Banner Image

ယူနိုက်တက်ကြယ်ပွင့်ကို ရွေးချယ်ဖို့ အလောင်းအစားဆန်ဆန်ဆုံးဖြတ်လိုက်ရတယ်လို့ ဝန်ခံလိုက်တဲ့ ဆောက်ဂိတ်

ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ လုခ်ရှောကို ထည့်သွင်းဖို့အတွက် စွန့်စွန့်စားစားတွက်ချက်ဆုံးဖြတ်ခဲ့ရတယ်လို့ နည်းပြဆောက်ဂိတ်က ဝန်ခံပြောဆိုလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြက ယမန်နေ့မှာပဲ ဂျာမနီနိုင်ငံဆီသွားရောက်ရမယ့် စကာတင်ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဂရီးလစ်ရှ်၊ မက်ဒီဆင်နဲ့ မက်ဂွါရီတို့အပါအဝင် ကံမကောင်းသူကစားသမားခုနှစ်ဦး ဒီလူစာရင်းနဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမယ့် တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီလနောက်ပိုင်း ပွဲကစားနိုင်ခြင်းမရှိသလို လေ့ကျင့်ခန်းလည်း အပြည့်အဝမဆင်းနိုင်သေးတဲ့ လုခ်ရှောကတော့ ဆောက်ဂိတ်ရဲ့စကာတင်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အခုအင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းရဲ့ တစ်ဦးတည်းသော ဘယ်အစွန်နောက်ခံလူစစ်စစ်ဖြစ်တဲ့ လုခ်ရှောကို ဆောက်ဂိတ်က အသင်းမှာ ထည့်သွင်းဖို့ စိတ်အားထက်သန်ခဲ့ပြီး အသက်-၂၈ နှစ်အရွယ် ကစားသမားကို ကွင်းတွင်းပြန်မြင်တွေ့ရဖို့ မျှော်လင့်နိုင်တဲ့အချိန်ကိုလည်း ထုတ်ဖော်ပြောပြသွားပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆောက်ဂိတ်က “ဒါက သေချာတွက်ချက်ထားတဲ့ စွန့်စားမှုတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်အတွင်းမှာလည်း သူ့ရဲ့တိုးတက်မှုအခြေအနေတွေက တကယ်ကောင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့က သူ့ကို အုပ်စုဒုတိယမြောက်ပွဲစဉ်မှာ သုံးနိုင်မယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် လုခ်ရှောအနေနဲ့လည်း ရှိနေဆဲလိုအပ်ချက်တွေကို ပြည့်မီအောင် လုပ်သွားနိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ သူ့ဆီက လုပ်အားနှုန်းကောင်းမွန်မှုတွေ၊ မြန်နှုန်းမြင့်အားပြေးအားတွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အလောင်းအစားဆန်ဆန်ဆုံးဖြတ်ရနိုင်တယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ဒါ အလောင်းအစားတစ်ခုပါ။ ဒီအလောင်းအစားက အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေအထောက်အထားတွေလည်း ရရှိထားပါတယ်။ လုခ်ရှောက တိုက်စစ်ကိုမောင်းနှင်ပေးနိုင်တဲ့ ဘယ်ခြေအားသန်ဝါရင့်ကစားသမားဖြစ်လို့ ဒါက ကျွန်တော်တို့ လေ့လာဖော်ထုတ်ချင်နေတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆောက်ဂိတ်က ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးသွေးပူလေ့ကျင့်ခန်းအဖြစ် အခုလာမယ့်သောကြာနေ့၊ ဝင်ဘာလေကွင်းအတွင်း အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကို လုခ်ရှော လွဲချော်လိမ့်မယ်လို့ ယခင်ကတည်းက ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ဒါပေမယ့် အခုသတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုမှုတွေအရ ယူနိုက်တက်ဘယ်အစွန်နောက်ခံလူက ဇွန် ၁၆ ရက်၊ ဆာဘီးယားနဲ့ ရင်ဆိုင်ရမယ့် အုပ်စုအဖွင့်ပွဲစဉ်ကိုလည်း လွဲချော်သွားမယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။

အင်္ဂလန်က ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ဇွန် ၂၀ရက်မှာ ဒိန်းမတ်နဲ့ ရင်ဆိုင်ရပါမယ်။ ဒီပွဲစဉ်မှာ လုခ်ရှော မပါဝင်နိုင်ခဲ့ရင် ထရစ်ပီယာက ဘယ်အစွန်နောက်ခံလူအဖြစ် ပွဲထွက်လာနိုင်သလို စွယ်စုံရဂျိုးဂိုမက်ဇ်လည်း သူ့ရဲ့နေရာမှာ ပါဝင်ကစားပေးနိုင်ပါတယ်။