
လာမယ့်နွေမှာ ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်မယ့် ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်နည်းပြ အာမိုရင်တစ်ယောက် လာမယ့်နွေမှာ ဘာစီလိုနာစတား အာရူဂျိုကို ယူရိုသန်း ၁၀၀ ပေးချေပြီးခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဥရုဂွေးသားဟာ ဘာစီလိုနာခံစစ်ရဲ့အဓိကကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ဥရောပရဲ့အလာားအလာအရှိဆုံးနောက်ခံလူတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာက အာရူဂျိုကို ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် မြင့်မားတဲ့ကမ်းလှမ်းမှုရရှိလာမယ်ဆိုရင် ရောင်းချသွားဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ခံစစ်ပိုင်းအတွက် အာရူဂျိုကို ပစ်မှတ်ထားနေပြီး ပေါင် ၈၄ သန်းအထိ ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အပြောင်းအရွှေ့က ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အပေါ် မူတည်နေပါတယ်။ ခံစစ်ပိုင်းအားဖြည့်ထားပေမယ့်လည်း ယူနိုက်တက်နောက်တန်းက ဒီရာသီမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၃၅ ဂိုးအထိပေးထားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ဟာ ဘိုင်ယန်က ဒီလစ်ဂျ် နဲ့ မာဇာဝီ ၊ လိုင်လီကနေ ယိုရိုတို့ကိုခေါ်ယူထားခဲ့ပါတယ်။ နည်းပြအပြောင်းအလဲလုပ်ထားပေမယ့် ယူနိုက်တက်ရဲ့ရလဒ်ပိုင်း နဲ့ ခံစစ်ပိုင်းက မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ အာရူဂျိုကို လင်ဒီလော့ဖ် နဲ့ အီဗန်နေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ၂ ဦးစလုံးဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေထွက်ခွာဖို့များနေပါတယ်။