The network connection is lost.

Banner Image

ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ချိတ်ဆက်နေတဲ့အပေါ် တုံ့ပြန်လာတဲ့ ယူနိုက်တက်

စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီမှာ အငှားနဲ့ခေါ်ယူမယ့်အခြေအနေကို ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အာမိုရင်နဲ့ အဆင်မပြေတာကြောင့် ဒုတိယရာသီဝက်မှာ ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။

ဗီလာအသင်းဟာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပေမယ့် အသက် ၂၇ နှစ်သားကို အပြီးသတ်ခေါ်ယူခွင့်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းကိုသာ ပြောင်းချင်နေပြီး ဘာစီလိုနာက ဦးစားပေးအသင်းဖြစ်လာနေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက ရက်ရှ်ဖို့ဒ်ရဲ့အကိုဖြစ်သူ မေနာ့တ်ဟာ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ ယူနိုက်တက်တောင်းဆိုတဲ့ပေါင် ၃၃ သန်းတန်ကြေးကို မပေးနိုင်တာကြောင့် အငှားနဲ့ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အငှားထက် အပြီးသတ်ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဘက်က အခုချိန်မှာ ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အချက်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာကိုပြောင်းခဲ့မယ်ဆိုရင် အင်္ဂလန်သားအနေနဲ့ တစ်ပတ်လုပ်ခပေါင် ၃ သိန်းခွဲကို လျော့ယူရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကို နဲ့ ဖလစ်တို့ကတော့ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ အတည်ပြုထားတယ်လို့ သိရပါတယ်။ လီဗာပူးစတား ဒီယက်ဇ် နဲ့ ရက်ရှ်ဖို့ဒ်တို့အပေါ် ဖလစ်က “၂ ယောက်စလုံးက ကစားသမားကောင်းတွေပါ။ ကျွန်တော် သူတို့ကို သဘောကျပါတယ်။ ဒါပေမယ့် ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။