
ရာသီကုန်မှာ မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက်ရပြီး နယူးကာဆယ်ကို ကျော်ဖြတ်ကာ ယူနိုက်တက်က အဆင့် ၄ မှာရပ်တည်မယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ
စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ ရာသီကုန်မှာအာဆင်နယ်အသင်းဟာ ဒုတိယနေရာမှာသာရပ်တည်ကာ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးထံ ထပ်မံဆုံးရှုံးသွားမှာဖြစ်ပြီး လီဗာပူးကအဆင့် ၃ ရရှိကာ ယူနိုက်တက်က နယူးကာဆယ်ကိုကျော်ဖြတ်ပြီး အဆင့် ၄ ရရှိသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။
အဆိုပါခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှက်ဖီးအသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ပြီး ၁-၂ နဲ့အနိုင်ရရှိခဲ့တဲ့ မန်စီးတီးအတွက် သတင်းကောင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဥ်မှာ မန်စီးတီးအသင်းဟာ ပင်နယ်တီ ရရှိခဲ့သော်လည်း တိုက်စစ်မှူးဟာလန်းက လွဲချော်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်မန်စီးတီး အတွက် ဦးဆောင်ဂိုးကို ပင်နယ်တီလွဲချော်ခဲ့တဲ့ ဟာလန်းကပဲ ဂရီးလစ်ရှ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ခေါင်းတိုက်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
ရှက်ဖီးအသင်းဟာ ပွဲချိန် ၈၅ မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့တာကြောင့် မန်စီးတီးအနေနဲ့ သရေ ရလဒ်နဲ့သာ အဆုံးသတ်တော့မယ်လို့ စိုးရိမ်ပူပန်ခဲ့ရသော်လည်း ခဏအကြာမှာတော့ ကယ်တင်ရှင်ပေါ်လာခဲ့ပြီး ရိုဒရီဂိုက ဘယ်ခြေနဲ့အပြင်းကန်သွင်းကာ အနိုင်သုံးမှတ်ကို ပုံဖော်ပေးနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။
စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ တစ်ယောက်လျော့လီဗာပူးကို အိမ်ကွင်းမှာ ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်အသင်းအတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး ခန့်မှန်းချက်သာမှန်ကန်ခဲ့ပါက နယူးကာဆယ်ဟာ ရာသီကုန်မှာ ယူနိုက်တက်အောက် အဆင့် ၅ သာရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်သွားတော့မှာဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ဦးဆောင်ဂိုး သွင်းယူထားနိုင်ခဲ့ပြီး တစ်ယောက်လျော့လီဗာပူးကို အနိုင်ယူဖို့အခွင့်အရေးရရှိခဲ့ပေမယ့် လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ရဲ့သွင်းဂိုးတွေကြောင့် ၁-၂ နဲ့ရှုံးနိမ့်ကာ အနိုင်သုံးမှတ်ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်အရ လီဗာပူးဟာ ရာသီကုန်မှာ တတိယနေရာမှာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားမယ်လို့သိရှိရပါတယ်။ ဖူလ်ဟမ်ကွင်းလယ်လူ ဂျာအိုပယ်လင်ဟာရဲ့ နောက်ကျသွင်းဂိုးကြောင့်အိမ်ကွင်းမှာ သရေသာရရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ စူပါကွန်ပြူတာအရ ပြီးခဲ့တဲ့ရာသီကလိုပဲ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားနဲ့ဝေးကွာပြီး ဒုတိယနေရာမှာသာရပ်တည်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ်ခန့်မှန်းချက်တစ်ခုအရ ဖူလ်ဟမ်အသင်းကတော့ ဒီရာသီမှာ အဆင့် ၁၅ နေရာမှာရပ်တည်ပြီး ပရီးမီးယားလိဂ်မှာကျန်ရှိနေဦးမယ်လို့ ဆိုပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရပေမယ့် နောက်ကနေလိုက်ပြီး အနိုင်ယူနိုင်ခဲ့တဲ့ယူနိုက်တက်ကတော့ ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းစာရင်း ဝင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယခုရာသီမှာ အပြုသဘောဆောင်တဲ့စွမ်းဆောင်ရည်တွေကိုပြသထားနိုင်တဲ့ နော်တင်ဟမ်ဖောရက်စ်ဟာ ရာသီကုန်မှာ တန်းဆင်းဇုံမှဝေးကွာပြီး အဆင့် ၁၄ နေရာမှာရပ်တည်မယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပြတ်သားတဲ့နိုင်ပွဲတွေကို ပုံဖော်ထားနိုင်ခဲ့တဲ့ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့ကတော့ ရာသီကုန်မှာ အဆင့် ၇ နဲ့အဆင့် ၆ နေရာတွေမှာ အသီးသီးရပ်တည်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ အက်စတွန်ဗီလာ၊ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းအသင်းတို့က ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်နေပြီး အက်စတွန်ဗီလာက အဆင့် ၈၊ ဘရိုက်တန်က အဆင့် ၉ နဲ့ ဝက်စ်ဟမ်းက အဆင့် ၁၀ အသီးသီးရပ်တည်ကြမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘရန့်ဖို့ဒ်က အဆင့် ၁၁၊ ခရစ္စတယ်ပဲလေ့စ်က အဆင့် ၁၂ ရရှိကာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ကိုအနိုင်ရရှိခဲ့တဲ့ ဝုဗ်ကတော့ အဆင့် ၁၃ နေရာမှာတည်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲစလုံးရှုံးနိမ့်ခဲ့ပေမယ့် ဗင်းဆင့်ကွန်ပနီရဲ့ တန်းတက်ဘန်လေ အသင်းကတော့ နောက်ရာသီမှာလည်း ပရီးမီးယားလိဂ်မှာပဲ ကျန်ရှိနေပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်မယ်လို့ခန့်မှန်းခံထားရပါတယ်။
စူပါကွန်ပြူတာရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ပြီးခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ဘုန်းမောက်ကတော့ တန်းဆင်းဇုံရဲ့အပေါ် အဆင့် ၁၇ နေရာ မှာရပ်တည်နေပြီး ယခုရာသီမှာ ပွဲတိုင်းရှုံးထားတဲ့ အဲဗာတန်၊ လူတန်တောင်းနဲ့ ရှက်ဖီးယူနိုက်တက်တို့ကတော့ အဆင့် ၁၈၊ ၁၉ နဲ့ ၂၀ တို့မှာအသီးသီးရပ်တည်ပြီး ချန်ပီယံရှစ်သို့တန်းဆင်းသွားမယ်လို့သိရှိရပါတယ်။