
ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘွေမိုကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရအပြီးမှာပဲ နောက်ထပ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီမှာ အခြေအနေဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ နောက်ရာသီမှာတော့ သူ့ရဲ့စိတ်ကြိုက်ကစားသမားတွေကို အိုးလ်ထရက်ဖို့ဒ်မှာ အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။TalkSport သတင်းဌာနရဲ့အဆိုအရ အမ်ဘွေမိုကလည်း ဘရန့်ဖို့ဒ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့သိရပြီး အဆိုပါသတင်းတွေကြောင့် ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။
၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကင်မရွန်းလက်ရွေးစင်ဟာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးပါဝင်ကစားပေးခဲ့ပြီး ဂိုး ၂၀ အထိသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ဘရန့်ဖို့ဒ်နဲ့ ၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင်သန်း ၅၀ ဖြစ်တယ်လို့ သိရပါတယ်။
ယခုလအစောပိုင်းမှာလည်း အမ်ဘွေမိုရဲ့ ဘရန့်ဖို့ဒ်အသင်းဖော် ခရစ်ရှင်နော်ဂတ်က ကင်မရွန်းသားဟာ ရာသီအကုန်မှာ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာသွားနိုင်ချေရှိကြောင်း ကြိုတင်အသိပေးထားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ပြီး ဘဏ္ဍာငွေအသုံးပြုမှု ကန့်သတ်ခံထားရတာကြောင့် နောက်ထပ် ကစားသမားတွေခေါ်ယူမယ်ဆိုရင်တော့ အသင်းရဲ့ကစားသမားတွေကို ရောင်းချနိုင်ဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။