
ဝေဖန်တိုက်ခိုက်မှုတွေခံနေရပေမယ့် အိုနာနာအပေါ် ယုံကြည်မှုအပြည့်ရှိနေကြောင်း အာမိုရင် အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာဟာ ဝေဖန်တိုက်ခိုက်မှုတွေခံနေရပေမယ့် သူ့အနေနဲ့ကတော့ ယုံကြည်မှု အပြည့်အဝရှိနေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ အိုနာနာရဲ့အမှားကြောင့် ပြင်သစ်မြေမှာအနိုင်မရခဲ့ဘဲ ၂-၂ ဆိုတဲ့သရေရလဒ်သာ ရရှိခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ဖို့ ဒုတိယအကျော့မှာ မဖြစ်မနေအနိုင်ကစားသွားရမှာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ဒီလိုအမှားတွေကဖြစ်တတ်ပါတယ်။ဘောလုံးပွဲတွေ ဆက်တိုက်ကစားနေရတဲ့ ကစားသမားတွေအတွက် ဒီလိုအမှားမျိုးက ပုံမှန်ပါပဲ။ ရာသီတစ်ခုလုံးစာခြုံကြည့်မယ်ဆိုရင် ကျွန်တော်လုပ်တဲ့အမှားက သူတို့ထက်ပိုများပါတယ်။ ကျွန်တော်တို့ အာရုံစိုက်ဖို့လိုအပ်တာက ဒုတိယအကျော့မှာ အနိုင်ကစားဖို့ပါပဲ။ ကျွန်တော်ကတော့ အိုနာနာအပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အခုလို အိုနာနာတစ်ယောက် အမှားတွေပြုလုပ်မိခဲ့ခြင်းမှာ ပွဲစဉ်မတိုင်မီ ယူနိုက်တက်ကွင်းလယ်လူဟောင်း နီမန်ဂျာမာတစ်ရဲ့ ဝေဖန်ပြောဆိုမှုဖိအားတွေကြောင့်ဖြစ်တယ်လို့လည်း ယူဆနေကြပါတယ်။ မာတစ်က အိုနာနာဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး ဂိုးသမားစာရင်းမှာပါဝင်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး အိုနာနာကလည်း တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "လောလောဆယ်မှာ ကျွန်တော့်အနေနဲ့ အိုနာနာကို ပြောစရာစကားမရှိပါဘူး။ အရေးကြီးဆုံးက ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ပါပဲ။ ပြီးတော့ ကျွန်တော့်အနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမား ၁၁ ယောက်ကို ရွေးချယ်သွားပါမယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေတဲ့အရာတွေကို အာရုံစိုက်ပြီး ပြင်ဆင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လိုင်ယွန်နည်းပြ ပေါလိုဖွန်ဆီကာကလည်း ပွဲစဉ်မတိုင်မီ မာတစ်ပြောခဲ့တဲ့စကားတွေက အသင်းရဲ့နည်းဗျူဟာတွေနဲ့ မသက်ဆိုင်ကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။ ဖွန်ဆီကာက "နီမန်ဂျာမာတစ်ပြောခဲ့တဲ့စကားတွေက ကျွန်တော်တို့ရဲ့နည်းဗျူဟာတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါက သာမန်ပြဿနာတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ လူတိုင်းရဲ့ထင်မြင်ချက်တွေကို လေးစားဖို့လိုပါတယ်။ မာတစ်နဲ့ အိုနာနာတို့ကလည်း အဲဒီအဖြစ်အပျက်တွေကို ဒီညမှာ မေ့သွားကြပါပြီ။ ဒါကြောင့် အားလုံးအဆင်ပြေပါတယ်" လို့ပြောကြားခဲ့ပါတယ်။