
အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်လာတဲ့ မန်စီးတီးစတား
မန်စီးတီးစတား ဂျွန်စတုန်းကတော့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်နေတဲ့အပေါ် ရယ်ချင်ဖွယ်ရာသတင်းတွေလို့ တုံ့ပြန်လိုက်ပါတယ်။ အခုနွေရာသီအစောပိုင်းတုန်းက ရာသီသစ်မတိုင်ခင် ဂွါဒီယိုလာက ကစားသမားအချို့ထွက်ခွာနိုင်ချေရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ရာသီအားလုံးမှာ အတူတူရှိခဲ့တဲ့ကစားသမားတိုင်းကို ကျွန်တော်ချစ်ပါတယ်။ ကစားသမားအကြောင်းနဲ့ပတ်သက်ပြီး ဘာမှကျွန်တော်စောဒဂတက်လေ့မရှိပါဘူး။ ပြဿနာက ရာသီအတွင်းမှာ သူတို့ မပျော်မရွှင်ဖြစ်တာပါ။ သူတို့ ဝမ်းနည်းနိုင်သလို စိတ်လည်းပျက်နိုင်ပါတယ်။ ကျွန်တော်အဲ့တာမျိုးမလိုချင်ပါဘူး။ ကျွန်တော့်အတွက် အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်ပိုရွေးချယ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ကစားသမား ၆ ဦး ဒါမှမဟုတ် ၇ ဦးလောက်က ဒဏ်ရာမရပဲ အိမ်မှာရှိနေတာများနေပါတယ်။ သူတို့အတွက် ကြီးမားတဲ့လူစာရင်း ကျွန်တော်မလိုချင်ပါဘူး။ ဒါကြောင့် ဒီဟာက ဘာကြောင့်ဘယ်လိုဖြစ်လဲဆိုတာကို ခင်ဗျားမြင်နိုင်ပါတယ်”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။
အခုချိန်မှာလည်း နောက်ခံလူ ဂျွန်စတုန်းက လာမယ့်အပတ်တွေမှာ စီးတီးကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။ “ကျွန်တော် ဒါကိုပြောပါမယ်။ ဒီလိုအရာကို ကျွန်တော်မမြင်ချင်ပါဘူး။ အဲ့တာက ကျွန်တော့်အတွက် ရယ်စရာကောင်းပါတယ်။ လူတွေဘာကြောင့် အဲ့တာကိုလုပ်လဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်မှတ်ချက်မပေးချင်ပါဘူး။ ကျွန်တော် ဒီမှာနေရတာပျော်ပါတယ်။ ဘာမှမဖြစ်လာနိုင်ပါဘူး။ ကျွန်တော် ဒီနေရာမှာဆက်နေပြီး တိုက်ပွဲဝင်သွားမှာပါ။ ဆုဖလားအချို့လည်းရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အဆင်ပြေလာပါပြီ။ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပါပြီ။ ခံစားချက်ကောင်းပါတယ်။ ကျွန်တော် အခုဆိုအဆင်ပြေနေတာ လအနည်းငယ်လောက်ရှိနေပါပြီ။ ခံစားမှုလည်းကောင်းပါတယ်”လို့ ဂျွန်စတုန်းက ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်သား နဲ့ စီးတီးတို့ကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ စတုန်းဟာ ၂၀၁၆ တုန်းက အဲဗာတန်ကနေ စီးတီးထံပြောင်းလာခဲ့တာဖြစ်ပြီး လာမယ့်ရာသီသစ်မှာလည်း အဓိကနေရာပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ သူ့အခြေအနေက ပွဲထွက်ခွင့်ပဲရမလား ဒါမှမဟုတ် အရန်ခုံထိုင်ရမလားဆိုတာတော့ မသေချာသေးတာဖြစ်ပါတယ်။