The network connection is lost.

Banner Image

ယူနိုက်တက်အသင်း comeback ပြန်လာနိုင်တဲ့ နောက်ကွယ်က အကြောင်းအရင်းကို ထုတ်ဖော်လိုက်တဲ့ မက်ဂွါရီ

ယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွါရီက ယနေ့နံနက် လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မထင်မှတ်ဘဲ comeback လာနိုင်မှုအတွက် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ် ကွင်းရဲ့ ပရိသတ်အားပေးမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
 
မက်ဂွါရီဟာ ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး လိုင်ယွန်ကို အနိုင်ရယူကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအပြီး TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မက်ဂွါရီက"ကျွန်တော်တို့ ဒီပွဲကို တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်အောင် လုပ်လိုက်ရတယ်လို့ ပြောရပါမယ်။ ကျွန်တော်တို့က အရာရာကို လွယ်လွယ်နဲ့ မလုပ်တတ်ကြဘူး။ ၂-၀ ဂိုးနဲ့ ပထမပိုင်းပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ပွဲကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတောင် တတိယဂိုးသွင်းဖို့ အခွင့်အရေးတွေ ရခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့က ရုတ်တရက် တတိယဂိုး (နည်းနည်း ရှုပ်ထွေးတဲ့အနေအထားက ရလိုက်တဲ့ဂိုးမျိုး) ကို သွင်းလိုက်နိုင်တာက ကျွန်တော်တို့ အခြေအနေ ပျက်သွားစေပြီး သူတို့ ချေပဂိုးပါ ရအောင် လုပ်သွားနိုင်ခဲ့ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။ ယူနိုက်တက်အသင်း comeback ပြန်လာနိုင်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ဟာ တချို့အချိန်တွေမှာ မျှော်မှန်းထားသလောက် မကောင်းခဲ့ဘူးလို့ မက်ဂွဲရားက ဝန်ခံခဲ့ပါတယ်။ 

"အချိန်ပိုမှာ လူဆယ်ယောက်နဲ့ ကစားနေတဲ့ အသင်းကို ၄-၂ ဂိုး ရှုံးနေတဲ့ အခြေအနေ ရောက်သွားတာက လုံးဝကို မလုံလောက်ပါဘူး။ ကျွန်တော်တို့ လိုတာထက် ပိုပြီး ခံစစ်ကို ဖွင့်ပေးလိုက်မိပါတယ်။ သူတို့က ကောင်းတဲ့အသင်းပါ။ တိုက်စစ်သမားကောင်းတွေလည်း ရှိပြီးကောင်းကောင်း ကစားကြပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။  ဒါပေမယ့် တိုက်ပွဲဝင်စိတ်နဲ့ အိမ်ရှင်ပရိသတ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မက်ဂွါရီက အလေးထား ပြောကြားခဲ့ပါတယ်။ 

"ဒါပေမယ့် ကျွန်တော်တို့ ကြံ့ကြံ့ခံခဲ့ကြပြီး ကြီးမြတ်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ဒါက ဒီကွင်းရဲ့ ထုံးစံပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ပြန်လာနိုင်ခဲ့တာက နောက်ဆုံးမိနစ်တွေမှာ လူတိုင်းရဲ့ မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်ပါပဲ" လို့ မက်ဂွါရီက ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။