တန်ဟက်နဲ့ ပြောဆိုပြီးနောက် ယူနိုက်တက်မှာဆက်ရှိနေဖို့များနေတဲ့ ဆန်ချို
ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုတစ်ယောက် တန်ဟက်နဲ့ စကားပြောဆိုပြီးနောက် အသင်းမှာဆက်ရှိနေဖို့ များသွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက တန်ဟက်နဲ့ အချင်းများခဲ့ပြီးနောက် ဆန်ချိုဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းခဲ့ရပြီး ဒုတိယရာသီဝက်ကို အသင်းဟောင်း ဒေါ့မွန်ထံမှာ အငှားထွက်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကို ပြန်လာချိန်မှာတော့ တန်ဟက်နဲ့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာဖြစ်ပါတယ်။
အဆိုပါပြောဆိုဆွေးနွေးမှုတွေက ၂ ဦးကြားဆက်ဆံရေးကို ပြန်ပြေလည်စေခဲ့တာဖြစ်ပြီး ရာသီသစ်မတိုင်ခင် အဖြေရှာတွေ့ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ကတော့ ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုဖို့ ငြင်းဆန်နေပေမယ့် ဆက်ဆံရေးအခြေအနေကတော့ ပြန်လည်ပြေလည်ခဲ့ပြီဖြစ်ပါတယ်။
“ကျွန်တော်တို့ပြောသလိုပါပဲ။ ယူနိုက်တက်မှာ ကစားသမားကောင်းတွေလိုအပ်ပါတယ်။ ဆန်ချိုက ကစားသမားကောင်းပါ။ ကျွန်တော်တို့စည်းမျည်းဆွဲပြီးပါပြီ။ အဲ့တာနဲ့ဆက်သွားမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်မှာအငှားထွက်ကစားခဲ့တဲ့ ဆန်ချိုဟာ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၃ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါကလပ်ဘက်က အင်္ဂလန်သားကို အပြီးသတ်ခေါ်ယူဖို့ မကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဆန်ချိုကို ဂျူဗင်တပ်စ်အသင်းက ချိတ်ဆက်နေပြီး တန်ဟက်နဲ့ဆွေးနွေးမှု အဆင်ပြေခဲ့တဲ့အနေအထားမှာ ကစားသမားအနေနဲ့ ယူနိုက်တက်မှာ ဆက်ရှိဖို့များနေပါတယ်။ ရိုဆန်ဘာ့ဂျ်အသင်းနဲ့ရာသီကြိုခြေစမ်းပွဲကို လွဲချော်ခဲ့ပေမယ့် ဆန်ချိုတစ်ယောက် လာမယ့်ရိန်းဂျားစ်နဲ့ ဒုတိယမြောက်ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။