The network connection is lost.

Banner Image

ဘဏ္ဍာရေးပြဿနာစိုးရိမ်မှုကြောင့် လီဂူး-၂ ဆီတန်းဆင်းရဖို့ရှိနေတဲ့ လိုင်ယွန်

ပြင်သစ်ဘောလုံးအာဏာပိုင်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာစစ်ဆေးမှုတစ်ခုအပြီး လိုင်ယွန်အတွက် လီဂူး-၂ ဆီ တန်းဆင်းရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။

National Management Control Directorate (DNCG) ရဲ့အစည်းအဝေးမှာ အခုတန်းဆင်းပြစ်ဒဏ်ကို အတည်ပြုခဲ့ပြီးနောက် လိုင်ယွန်က လာမယ့်ဘောလုံးရာသီသစ်မှာ ပြင်သစ်ဘောလုံးလောကရဲ့ဒုတိယတန်းစား အမှတ်ပေးပြိုင်ပွဲဆီ တန်းဆင်းသွားရပါတော့မယ်။ အခြားလီဂူးဝမ်းကလပ်အသင်းတွေနဲ့အတူ ပြင်သစ်ဘီလူးကြီးတွေက ကလပ်အသင်းအသီးသီးရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ဆွေးနွေးဖို့အတွက် DNCG ရှေ့မှောက် အင်္ဂါနေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

အကြွေးယူရိုသန်း ၅၀၀ အထိ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဘဏ္ဍာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် လိုင်ယွန်ကို လီဂူး-၂ ဆီ တန်းဆင်းရမယ်ဆိုတဲ့ ယာယီဆိုင်းငံ့အမိန့်ကို ယမန်နှစ်၊နိုဝင်ဘာလအတွင်း ချမှတ်ခဲ့ပါတယ်။ လိုင်ယွန်အသင်းကို ပိုင်ဆိုင်ထားတဲ့ Eagle Football Group ကတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ တိုးတက်လာတယ်ဆိုတာ DNCG ယုံကြည်လာစေဖို့အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

ဒီဆောင်ရွက်ချက်တွေထဲမှာ ဥက္ကဋ္ဌဂျွန်တက်ဆာပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်ရဲ့ ရှယ်ယာ ၄၉ ဒဿမ ၂ ရာခိုင်နှုန်းရောင်းချခြင်းအပြင် လိုင်ယွန်အမျိုးသမီးအသင်းကို ပေါင်သန်း ၁၉၀ ဖြင့် ရောင်းချခြင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ပြင်သစ်လီဂူးဝမ်းချန်ပီယံဆုခုနစ်ကြိမ်တိုင်တိုင်ရရှိခဲ့ဖူးတဲ့ လိုင်ယွန်က ဇန်နဝါရီလအတွင်း ကာကွီရက်ကို ကိုမိုဆီ ရောင်းချမှုနဲ့ ဇွန်လအတွင်း ချာကီကို မန်စီးတီးဆီ ရောင်းချမှုတို့မှ ပေါင် ၄၅ သန်းကျော် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုကြိုးစားအားထုတ်တွေက DNCG ရဲ့ယုံကြည်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဆက်လက်ပြီး လိုင်ယွန်က လစာနှုန်းထားအမြင့်ဆုံးကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်သိုနီလိုပက်စ်တို့ကို အသင်းမှထွက်ခွာခွင့် ပေးထားပါတယ်။ အခုတန်းဆင်းပြစ်ဒဏ်နဲ့ပတ်သက်လို့ လိုင်ယွန်အသင်းမှာ အယူခံဝင်ခွင့်တော့ ရှိနေပါသေးတယ်။

ဆုံးဖြတ်ချက်သာအတည်ဖြစ်လာမယ်ဆိုရင် လိုင်ယွန်ရဲ့ ပြင်သစ်ထိပ်တန်းလိဂ်ပြိုင်ပွဲဝင်နေရာမှာ တန်းဆင်း/ တန်းတက် Play-off ယှဉ်ပြိုင်မှုအတွင်း မက်ဇ်ကို ရှုံးနိမ့်ခဲ့တဲ့ ရိမ်းစ်က အစားထိုးဝင်ရောက်ပါလိမ့်မယ်။