
ယူနိုက်တက်မှထွက်ခွာပြီး ဆော်ဒီသို့ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောဟာ ယခုနွေရာသီမှာပဲ အသင်းမှထွက်ခွာဖို့ အဆင်သင့်ပြင်နေပြီး ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဆောက်သမ်တန်မှ ယူနိုက်တက်သို့ ၂၀၁၄ ခုနှစ်မှာစတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၂၈၇ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပါတယ်။ လုခ်ရှောဟာ ယူနိုက်တက်မှာ အောင်မြင်တဲ့ကစားသမားဘဝကို ပုံဖော်နိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် ဒဏ်ရာပြဿနာတွေမကြာခဏရရှိခဲ့တာကြောင့် ကစားခွင့်ရဖို့ပင်ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
ယူနိုက်တက်ကစားသမားဘဝအစမှာပဲ လုခ်ရှောဟာ ခြေထောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ၁ နှစ်နီးပါးကြာအောင် အနားယူခဲ့ရပါတယ်။ အဆိုပါဒဏ်ရာနဲ့ပဲ အင်္ဂလန်သားဟာ ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပေမယ့် ယူနိုက်တက်အတွက် အရေးပါတဲ့ကစားသမားအဖြစ်တော့ ရပ်တည်ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လုခ်ရှောဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် နည်းပြသစ်ရူဘင်အာမိုရင်လက်အောက်မှာ နေရာရဖို့ခက်ခဲနိုင်တာကြောင့် ထွက်ခွာဖို့သာ ပြင်ဆင်လာခဲ့ပါတယ်။
The Sun သတင်းဌာနရဲ့အဆိုအရ အသက်-၃၀ နှစ်အရွယ်နောက်ခံလူဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပါက ဆော်ဒီပရိုလိဂ်သို့သာ ပြောင်းရွှေ့အခြေချဖွယ်ရှိတယ်လို့သိရပါတယ်။ လုခ်ရှောဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲအထိရရှိနေသူဖြစ်တာကြောင့် အဆိုပါပမာဏကို ပေးချေဖို့ ဆော်ဒီကလပ်တွေအတွက်တော့ ပြဿနာမရှိနိုင်ပါဘူး။
ယခုအခါမှာ နည်းပြအာမိုရင်ကလည်း ဘယ်နောက်ခံနေရာအတွက် ပက်ထရစ်ဒေါ်ဂူနဲ့ ဒီယေဂိုလီယွန်တို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် လုခ်ရှောအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာဆက်နေပါကလည်း ပုံမှန်နေရာရဖို့ အတော်လေးရုန်းသွားရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယခင်ကညာနောက်ခံနေရာမှာကစားခဲ့တဲ့ ဒီယေဂိုဒါလော့ကလည်း ယခုအခါမှာ ဘယ်နောက်ခံနေရာကို ပြောင်းလဲကစားလာတာကြောင့် လုခ်ရှောအတွက် အခွင့်အရေးပိုမိုနည်းပါးသွားနိုင်တာဖြစ်ပါတယ်။
ယခုအခါမှာတော့ လုခ်ရှောဟာ ကမ်းလှမ်းမှုတွေကို စတင်လက်ခံနေပြီလို့သိရပြီး အင်္ဂလန်သားအနေနဲ့ ဆော်ဒီသို့ပြောင်းရွှေ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် ပြန်လည်ကစားသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။