ဒဏ်ရာပြဿနာအသစ် ထပ်မံကြုံတွေ့ရလို့ အလွန်ဝမ်းနည်းစိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောဟာ မကြာသေးမီကမှ အသင်းအတွက် ပြန်လည်ကစားပေးလာနိုင်ခဲ့တာဖြစ်သော်လည်း ယခုအခါမှာ နောက်ထပ်ဒဏ်ရာအသစ်တစ်ခု တိုးလာပြန်လာကြောင့် အလွန်ဝမ်းနည်းစိတ်ပျက်မိကြောင်း ပရိသတ်တွေကို ဖွင့်ဟလာခဲ့ပါတယ်။
ယခုလက်ရှိ ၂၀၂၄-၂၅ ရာသီအတွင်း လုခ်ရှောဟာ နည်းပြသစ် ရူဘင်အာမိုရင်လက်အောက်မှာသာ စတင်ကစားခွင့်ရခဲ့တာဖြစ်ပြီး အစ်ဆွစ်ချ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ နောက်ခံလူဟာ ပြီးခဲ့တဲ့ကြားရက်က ဘိုဒိုဂလင့်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာသာမက တနင်္ဂနွေနေ့က အဲဗာတန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း လူစားဝင်ကစားသမားအဖြစ် ဆက်လက်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒါကြောင့် အင်္ဂလန်သားအနေနဲ့ ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ်နဲ့ပင် ပါဝင်နိုင်ဖို့ အခွင့်အရေးရှိမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ယခုအခါမှာတော့ ဒဏ်ရာအသစ်ထပ်မံရရှိခဲ့ပြန်တာကြောင့် ရက်သတ္တပတ်အများအပြားအနားယူသွားရတော့မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်နွေရာသီကတည်းက အခုချိန်အထိ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲသာကစားခွင့်ရထားခဲ့တဲ့ လုခ်ရှောဟာ ဒဏ်ရာပြဿနာတွေအပေါ် အလွန်ပဲစိတ်ပျက်မိကြောင်းကို အခုလိုပဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက “ဒီလိုစာမျိုးရေးရတာ တကယ်ပဲနာကျင်ရပါတယ်။ မကြာသေးမီက ကျွန်တော့်အနေနဲ့ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့အရာတွေ ပြန်လည်ရရှိတော့မယ်လို့ ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒဏ်ရာအသစ်ထပ်ရခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ အနိမ့်အမြင့်အတက်အကျတွေအများကြီး ကြုံတွေ့ခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကတော့ အခက်ခဲဆုံးအချိန်ကာလပါပဲ။ တကယ်ပဲဝမ်းနည်းစိတ်ပျက်မိပြီး ဒီအမှန်တရားကို အခုချိန်မှာ လက်ခံနိုင်ဖို့ ခက်ခဲနေပါတယ်”
“ပရိသတ်တွေအနေနဲ့ စိတ်ပျက်ကြမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒေါသထွက်ပြီး ဝမ်းနည်းပေးမယ့်လူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့်လောက် ခံစားရမယ့်လူ ဘယ်သူမှရှိမှာမဟုတ်ပါဘူး။ကျွန်တော်ကတိပေးနိုင်တာကတော့ ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာနိုင်ဖို့ လုပ်နိုင်သမျှအရာအားလုံးကို လုပ်သွားမယ်ဆိုတာပါပဲ။ ပြီးတော့ ဒီရာသီမှာ အသင်းနဲ့အတူ အောင်မြင်မှုတွေယူဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အားပေးနေတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကို အမြဲတမ်းအသိအမှတ်ပြုနေပါတယ်” လို့ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ နည်းပြအဲရစ်တန်ဟက်ထွက်ခွာသွားပြီးကတည်းက အခုချိန်အထိ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ ၁ ပွဲတောင် ရှုံးနိမ့်ထားခြင်းမရှိသေးပါဘူး။ ကြာသပတေးနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်ကို အမ်းမရိတ်စ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။