The network connection is lost.

Banner Image

ယူရို-၂၀၂၄ ဖိုင်နယ်ရှုံးနိမ့်မှုအပြီး အင်္ဂလန်ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်တဲ့ လုခ်ရှော

ဒီနေ့မနက်ပိုင်း၊ ဘာလင်မြို့ ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးမှာ စပိန်အသင်းကို ရှုံးနိမ့်ပြီး ဆုဖလားအောင်ပွဲနဲ့ လွဲချော်ပြီးနောက် အင်္ဂလန်လက်ရွေးစင်နောက်ခံလူ လုခ်ရှောက အသင်းပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

စပိန်အသင်းအတွက် ပွဲချိန်ဒုတိယပိုင်းအစမှာ နီကိုဝီလျံစ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၇၃ မိနစ်မှာတော့ လူစားဝင်ကစားသမားပယ်လ်မာက အင်္ဂလန်အသင်းအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ နောက်ထပ် ၁၃ မိနစ်အကြာမှာပဲ အိုရာဇာဘယ်လ်က စပိန်အသင်းအတွက် နောက်ကျအနိုင်ဂိုး သွင်းယူပြီး အင်္ဂလန်ရဲ့ ၅၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ နိုင်ငံတကာအဆင့်မေဂျာဆုဖလားအောင်ပွဲအိပ်မက်ကို အဆုံးသတ်ပေးခဲ့ပါတယ်။

ဂျာမနီမြေပြိုင်ပွဲကြီးမှာ ပထမဆုံးပွဲထွက်ခွင့်ရရှိချိန် လုခ်ရှောက အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူက ဖြတ်တင်ဘောပေးပို့မှု ၁၅ ကြိမ်မှာ ၁၄ ကြိမ် အောင်မြင်ခဲ့သလို ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာလည်း ဘောလုံးထိချက် နှစ်ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက်လည်း ဖျက်ထုတ်မှု သုံးကြိမ်၊ ရှင်းလင်းမှု လေးကြိမ်၊ ဘောလုံးပြန်ဆယ်မှု သုံးကြိမ်နဲ့ ကြားဖြတ်ဟန့်တားမှု တစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အားထုတ်မှုတွေက အသင်းအတွက် နောက်ဆုံးအောင်မြင်မှုရရှိဖို့အထိ မလုံလောက်စေခဲ့ပါဘူး။ ပွဲစဉ်အပြီးမှာ လုခ်ရှောက ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်တဲ့ ပထမဆုံး အသင်းကို အားပေးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေဆီ တောင်းပန်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

BBC Sport နဲ့ တွေ့ဆုံချိန် လုခ်ရှောက “လုံးဝကြေကွဲမိပါတယ်။ တခြားလည်း ပြောစရာမရှိပါဘူး။ ဒီဆုဖလားကို ကျွန်တော်တို့ ရယူနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။ ဆောက်ဂိတ်ကတော့ အသင်းအဖွဲ့အနေဖြင့် ရရှိခဲ့တဲ့အရာတွေအတွက် အရမ်းဂုဏ်ယူနေပါတယ်။ ဒီထက်လည်း သူပြောနိုင်စရာ အများကြီး မရှိတော့ပါဘူး။ လူတိုင်းလည်း စိတ်ပျက်ဝမ်းနည်းနေပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုကြီးကြီးမားမားရှိခဲ့တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အတွက်လည်း ဒီလိုယုံကြည်မှုက ထိုက်တန်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့  အားပေးမှုတွေအတွက် ကျေးဇူးတင်မိသလို အခုကျဆုံးမှုအတွက် သူတို့ကို တောင်းပန်ချင်ပါတယ်”လို့ ပြောပါတယ်။