ဂျီရိုနာနဲ့ရင်ဆိုင်ရမယ့် လီဗာပူးကို သတိပေးလိုက်တဲ့ အန်းစလော့
ယမန်နေ့(တနင်္လာနေ့)မှာပဲ လီဗာပူးနည်းပြအန်းစလော့က ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြိုင်ဘက်ဂျီရိုနာဟာ အခုဘောလုံးရာသီအတွင်း ရရှိပိုင်ဆိုင်ခဲ့တဲ့ရလဒ်တွေထက် ပိုမိုအားကောင်းတဲ့အသင်းဖြစ်ပါတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေက ဥရောပအဆင့်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်ပြီး ဒီညမှာ ဂျီရိုနာနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။ စပိန်ပြည်တွင်းကလပ်ကတော့ အခုရာသီ၊ ချန်ပီယံလိဂ် ငါးပွဲကစား၊ လေးပွဲရှုံးနိမ့်မှုနဲ့အတူ အမှတ်ပေးဇယားအဆင့်-၃၀ မှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် အန်းစလော့က ပြီးခဲ့တဲ့ရာသီ၊ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဂျီရိုနာကို ကာလအတန်ကြာစောင့်ကြည့်ထားခဲ့ပြီး ချန်ပီယံလိဂ်မျက်နှာသစ်ကလပ်အသင်းရဲ့ရလဒ်တွေဟာ သူတို့အသင်းရဲ့အရည်အသွေးကို မထင်ဟစ်စေဘူးလို့ ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ပြီးခဲ့တဲ့ဘောလုံးရာသီမှာသာမက အခုဘောလုံးရာသီမှာပါ ဂျီရိုနာအသင်းလုပ်ပြခဲ့တဲ့အရာတွေက ထူးရှယ်ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ဒါတွေက သူတို့တွေ အသုံးစရိတ်နည်းနည်းလေးနဲ့ လိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေသလို မီချဲလ်ဆိုတာလည်း နည်းပြကောင်းတစ်ဦးဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။
အခုဘောလုံးရာသီမှာလည်း သူတို့တွေက ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ရလဒ်တွေထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာပေါ့။ ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရတဲ့ သူတို့ရဲ့ပွဲစဉ်မှလွဲပြီး ကျန်ပွဲစဉ်အားလုံးနီးပါးကို ကျွန်တော် စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ ပွဲတိုင်းမှာ သူတို့တွေ ကံမကောင်းခဲ့ပါဘူး”လို့ ပြောပါတယ်။
ဂျီရိုနာက သူတို့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို အန်းစလော့ရဲ့အသင်းဟောင်းဖီယင်နုကိုလည်း ၃-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဒီနောက်မှာ ကတ္တလန်အခြေစိုက်ကလပ်က ဆလိုဗန်ကို အနိုင်ရရှိခဲ့ပေမယ့် ပီအက်စ်ဗွီ၊ စတန်ဂရာဇ်တို့ကို ဆက်တိုက်ဆိုသလို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာရမယ့်အခြေအနေဆီ ဆိုက်ရောက်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ အဲဗာတန်နဲ့ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ မာဆေးဆိုဒ်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးနောက် အခုဂျီရိုနာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အတောင့်တင်းဆုံးလူစာရင်းကို အသုံးပြုသွားမယ်လို့ အန်းစလော့က ဆိုပါတယ်။
အန်းစလော့က “ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်ကို မကစားခဲ့ရလို့ အခုအချိန်မှာတော့ ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ ဒါကြောင့် အလှည့်ကျအသုံးပြုစရာ ဘာအကြောင်းပြချက်မှ မရှိတော့ပါဘူး။ အခြားဥရောပပွဲစဉ်တွေမှာလိုပဲ ကျွန်တော်တို့တွေ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ယှဉ်ပြိုင်ကစားသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက ဒဏ်ရာပြဿနာကြောင့် နှစ်လကြာအနားယူနေရတဲ့ ဂိုးသမားအလီဆင်လည်း ကြံ့ခိုင်မှုပြည့်ဝနေခြင်းနဲ့အတူ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် အန်းစလော့က အကြို၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ် နှစ်ခုကို ရှောင်လွှဲနိုင်ဖို့ အမှတ်ပေးဇယားထိပ်ဆုံးရှစ်နေရာဆီ ဝင်ရောက်နိုင်ခြင်းဟာ အသင်းကို အကူအညီဖြစ်စေမယ်လို့ ယုံကြည်နေပေမယ့် ဒါက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက်တော့ အားသာချက်ဖြစ်လာမှာမဟုတ်ဘူးလို့ ရှင်းပြသွားခဲ့ပါတယ်။
အန်းစေလော့က “ကျွန်တော်တို့သာ ထိပ်ဆုံးရှစ်သင်းနေရာမှာ အဆုံးသတ်နိုင်မယ်ဆိုရင် ကျန်ပြိုင်ဘက်တွေလည်း ထိပ်ဆုံးရှစ်သင်းစာရင်းနေရာနဲ့ အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
ဒါကြောင့် အာဆင်နယ်ဆိုရင်လည်း ကျွန်တော့်အမြင်အရ ၉၅ ရာခိုင်နှုန်းလောက် သေချာပါတယ်။ မန်စီးတီးကတော့ နည်းနည်းပိုပြီး အားစိုက်ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ သုံးပွဲဆက်နိုင်ပွဲရယူနိုင်စွမ်း ရှိပါတယ်။ ဒီနောက်မှာတော့ မန်စီးတီးလည်း ထိပ်ဆုံးရှစ်သင်းစာရင်းမှာ ပါဝင်လာပါလိမ့်မယ်”လို့ ဆက်ပြောပါတယ်။