The network connection is lost.

Banner Image

စာချုပ်သစ်မချုပ်ခင် ရီးရဲလ်မက်ဒရစ်နှင့် ပတ်သက်တဲ့ အိပ်မက်ကို ဖွင့်ဟလာတဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်က အသက် ၄၀ ကျော်တဲ့အထိ အသင်းမှာ ဆက်ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။  ခရိုအေးရှားလက်ရွေးစင် ကစားသမားက ရီးရဲလ်နဲ့  စာချုပ်သက်တမ်းထပ်တိုးဖို့ကို အဓိကထား ကြိုးစားနေတာပါ။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ဒီရာသီမှာ အသင်းအတွက် ကစားပေးဖူးတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ 

ကစားချိန် နည်းသွားပေမယ့် နည်းပြ အန်ဆယ်လော့တီရဲ့ အသင်းမှာတော့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲပါ။  အသင်းခေါင်းဆောင် မိုဒရစ်က ရီးရဲလ်ရဲ့ အဝတ်လဲခန်းမှာလည်း အရေးပါတဲ့သူတစ်ယောက်ဖြစ်ပြီး အသင်းဖော်တွေရဲ့ လေးစားမှုကိုလည်း ရရှိထားပါတယ်။ အန်ဆယ်လော့တီက မိုဒရစ်ရဲ့ အသင်းအပေါ် အကျိုးပြုပုံတွေကို အမြဲချီးကျူးခဲ့ပြီး အသင်းအနေနဲ့ ဒီဝါရင့်ကွင်းလယ်လူကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

မိုဒရစ် ဘယ်အချိန်မှာ အနားယူမယ်ဆိုတာကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်တယ်လို့လည်း အန်ဆယ်လော့တီက အလေးအနက် ပြောခဲ့ပါတယ်။  မိုဒရစ်ရဲ့ ရေရှည်ရည်မှန်းချက်ကတော့ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းကို ဦးဆောင်ပြီးမှ အနားယူဖို့ စဉ်းစားမှာပါ။ ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ် တို့ကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် မိုဒရစ်က ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ဖို့ ဥရောပမှာပဲ ဆက်နေမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေလည်း စနေပြီဖြစ်ပြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုရဲ့ အပြောအရဆိုရင် မိုဒရစ်က ၂၀၂၅/၂၆ ရာသီအထိ စာချုပ်ချုပ်ဖို့ စိတ်အားထက်သန်နေပြီး လစာတော့ နည်းနည်းလျှော့ပေးရနိုင်တယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းဌာန Telefoot နဲ့ အင်တာဗျူးမှာ မိုဒရစ်က "အခုတော့ အနားယူဖို့ မစဉ်းစားသေးပါဘူး။ ဒါပေမယ့် အမြဲပြောခဲ့သလိုပဲ ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အိပ်မက်ပါပဲ။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့။ ရာသီမကုန်ခင် ကစားဖို့ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ အဲဒီပွဲတွေကိုပဲ အာရုံစိုက်ချင်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အလျင်စလို မလုပ်ချင်သေးဘူး" လို့ ဆိုပါတယ်။

မိုဒရစ်ဟာ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပြင်သစ်နဲ့ပွဲမှာလည်း ခရိုအေးရှားအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆက်ပြီး ဦးဆောင်သွားမှာပါ။