လီဗာပူးစတားကိုအလိုရှိနေတဲ့ ဥရောပထိပ်တန်းအသင်း ၂သင်း
သတင်းတွေအရ ဥရောပထိပ်တန်းအသင်း ၂ သင်းဟာ လီဗာပူးစတား အီလီယော့တ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာရာဘောင်မှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့ပေမယ့် လီဗာပူးအသင်းဟာ စလော့တ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။ ဒါပေမယ့်လည်း အီလီယော့တ်က ဒီရာသီလိဂ်ပွဲ ၇ ပွဲသာ ပါဝင်ကစားခွင့်ရထားသလို ဒဏ်ရာပြဿနာအပြင် အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
သတင်းတွေအရ အသက် ၂၁ နှစ်သားကို ဘရိုက်တန် နဲ့ ဒေါ့မွန်တို့က အလိုရှိနေတယ်လို့ သိရပါတယ်။ အီလီယော့တ်ဟာ ၂၀၁၉ ဇူလိုင်လတုန်းက ပေါင် ၁.၅ သန်းနဲ့ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာတုန်းက ပြန်လာနိုင်ခဲ့ပေမယ့် အီလီယော့တ်တစ်ယောက် နိုင်ငံတကာရက်သတ္တပတ်အတွင်း ခြေချောင်းဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ကလော့ပ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာနဲ့သာ နပန်းလုံးနေခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာ လူစားဝင်ခွင့်မရခဲ့သလို ယူနိုက်တက်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာလည်း ၄ မိနစ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။
စလော့တ်လက်အောက်မှာ အီလီယော့တ်ဟာ ပြိုင်ပွဲစုံ ၉ ပွဲသာ ပါဝင်ခွင့်ရရှိထားသလို ဆောက်သမ်တန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာ ၁ ဂိုးသာသွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ နာပိုလီစတား ကာဗာစခီလီယာကို ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပြီး တကယ်လို့ခေါ်ယူဖြစ်ခဲ့ရင် အီလီယော့တ်ကိုရောင်းထုတ်ဖွယ်ရှိနေပါတယ်။
နာပိုလီစတားကို လီဗာပူးအပြင် ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့ကလည်း ချိတ်ဆက်နေပါတယ်။ အင်္ဂလန်သားအနေနဲ့ ဘရိုက်တန် နဲ့ ဒေါ့မွန်တို့က စောင့်ကြည့်နေပြီး အဆင်ပြေခဲ့ရင် ခေါ်ယူသွားဖွယ်ရှိနေပါတယ်။