The network connection is lost.

Banner Image

ယူနိုက်တက်မှ ထွက်ခွာသွားနိုင်ချေရှိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းကနေထွက်ခွာနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ 

ခက်ခဲကြမ်းတမ်းတဲ့ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ရတဲ့ ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးကာ ပရိသတ်တွေအတွက် ချွေးသိပ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ယခုအခါမှာတော့ အဆိုပါအခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ ယူရိုပါလိဂ်ဆုဖလားနဲ့လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်ဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်သွားမှာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူဖို့လည်း ခက်ခဲသွားတော့မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၆ နေရာအထိ ကျဆင်းနေတာကြောင့် အသင်းသမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး ရပ်တည်မှုနဲ့ ကြုံတွေ့ထားရပါတယ်။ 

ယခုအခါမှာ အသင်းရဲ့အဓိက ကွင်းလယ်လူ ဖာနန်ဒက်စ်ကလည်း လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကိုတည်ဆောက်နိုင်ဖို့အတွက် ယူနိုက်တက်ကသူ့ကို ဆော်ဒီပရိုလိဂ်သို့ ရောင်းချပါက ငြင်းဆန်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပေါ်တူဂီလက်ရွေးစင်က "အသင်းက ထွက်ခွာပါလို့ မပြောမချင်း ကျွန်တော်မထွက်ပါဘူး။ အသင်းအတွက် နေ့ရက်ကောင်းတွေ ပြန်လည်ဖန်တီးပေးဖို့ ဆန္ဒရှိပါတယ်။ တကယ်လို့ အသင်းက ကျွန်တော့်ကို အလိုမရှိတော့ရင် ကျွန်တော် ဆက်မနေပါဘူး။ ဘဏ္ဍာငွေရဖို့အတွက် ကျွန်တော့်ကို ရောင်းရမယ်ဆိုရင် ကျွန်တော်ထွက်သွားပေးပါမယ်။ ဘောလုံးမှာက ဒီလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး‌ ပေါ်တူဂီသားက နည်းပြ ရူဘင်အာမိုရင်ကို အားပေးသွားဖို့လိုအပ်ကြောင်းကို "သူ့ကို အသင်းမှခန့်အပ်ခဲ့တာ ကျွန်တော်မဟုတ်ပါဘူး။ ဒါပေမယ့် သူက အသင်းအတွက်သင့်တော်တဲ့နည်းပြတစ်ယောက်လို့ထင်ပါတယ်။ နားလည်ဖို့ခက်ခဲမယ်ဆိုတာ သိပေမယ့် သူက သင့်တော်တ့နည်းပြတစ်ဦးပါ။လက်ရှိအသင်းရဲ့အခြေအနေအရ နည်းပြသစ်ခန့်ဖို့က လွယ်ပေမယ့် အာမိုရင်က အသင်းအတွက် လိုအပ်တဲ့နည်းပြမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။