အကောင်းဆုံးခြေစွမ်းကို ဆက်ထိန်းထားနိုင်ခြင်းရဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်က အကောင်းဆုံးခြေစွမ်းကို ဆက်ထိန်းထားနိုင်တာဟာ အသက်ရှုလေ့ကျင့်ခန်းအပြင် တရားထိုင်ခြင်းတွေကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်သားဟာ လီဗာပူးအသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်ဖလားတွေအပြင် တစ်ဦးချင်းဆုတွေပါရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာလည်း စလော့တ်ရဲ့လက်အောက်မှာ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်နေဆဲဖြစ်ပါတယ်။ ကွင်းအတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသနိုင်ခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းကို ဗန်ဒိုက်က အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“တရားထိုင်တာက ကျွန်တော်အခုလုပ်ဆောင်နေတာပါ။ ပြီးတော့ အသက်ရှုလေ့ကျင့်ခန်းကိုလည်း လုပ်ဆောင်နေပါတယ်။ ညနေခင်းမှာ သေချာလေးလုပ်ဆောင်ပါတယ်။ အဲ့တာတွေက ကျွန်တော့်ကို အများကြီးအကူအညီဖြစ်စေပါတယ်။ အနည်းငယ်တိုင်းကတောင် ကျွန်တော့်ကို ကောင်းကောင်းကြံ့ခိုင်စေသလို ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ပြီးတော့ ဖိအားတွေမခံစားရစေတဲ့အပြင် အကူအညီအရမ်းဖြစ်စေပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗန်ဒိုက်က စည်းကမ်းပိုင်းဆိုင်ရာလိုက်နာမှုကလည်း အောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုလို့ ပြောကြားခဲ့ပါတယ်။
“ပွဲအပြီးမှာ ကျွန်တော်အိမ်ကိုပြန်လာပါတယ်။ အဲ့နောက် ကျွန်တော်ပုံမှန်အတိုင်း sauna လုပ်တာ ရေခဲစိမ်တာ ၊ ရေကူးတာ ၊ လေ့ကျင့်ခန်းလုပ်တာတွေလုပ်ပါတယ်။ ကျွန်တော်လုပ်သမျှက အတူတူပါပဲ။ လမ်းပေါ်မှာလည်း အတူတူပါပဲ။
သာမန်အားဖြင့် ကျွန်တော်တို့ ခရီးသွားချိန်မှာ တူညီတဲ့နေရာမှာမအိပ်ပါဘူး။ အိမ်ကိုပြန်လာပြီး သေချာလေးအနားယူပါတယ်။ ကျွန်တော့်အလုပ်တွေကိုလည်း ဆက်လုပ်ပါတယ်။ အဲ့တာက ဘာမှမပြောင်းလဲပါဘူး။ အခုလိုလုပ်ဆောင်တာတွေက ကျွန်တော့်အတွက် တကယ်ကိုအကူအညီဖြစ်စေပါတယ်။
အားဖြစ်အောင် စားသောက်တာလည်း လုပ်ဆောင်သလို အသင်းကလည်း အကူအညီပေးပါတယ်။ အရေးအကြီးဆုံးအရာက အိပ်ပျော်ဖို့ပါ။ အဲ့တာက တစ်ချို့ပွဲပြီးချိန်မှာ တခါတည်းအိပ်လို့မရပါဘူး။ ကိုယ့်အခြေအနေကို ညီမျှအောင်လုပ်ရပါတယ်။ အဲ့တာမှသာ ကိုယ့်အတွက် အဆင်ပြေစေတာပါ”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
နယ်သာလန်သားဟာ Ronald McDonald အိမ်ကိုလည်း သွားရောက်လေ့ရှိသလို အဆိုပါလူမှုအဖွဲ့အစည်းအတွက် ရန်ပုံငွေရှာဖွေတာတွေမှာလည်း ဝင်ရောက်ကူညီပေးလေ့ရှိတာဖြစ်ပါတယ်။