အန်ဒိုအတွက် မာဆေးလ်ရဲ့လျှော့ဈေးဖြင့်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ လီဗာပူး
လီဗာပူးအသင်းက ဂျပန်ကွင်းလယ်လူဝါတာရုအန်ဒိုအတွက် မာဆေးလ်ရဲ့ ပေါင် ၁၁ ဒဿမ ၈ သန်းတန် ကမ်းလှမ်းမှုတစ်ရပ်ကို ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လအတွင်း အနီရောင်တပ်သားတွေက စတုဂတ်မှ လူမသိသူမသိကစားသမားအန်ဒိုကို ပေါင် ၁၆ ဒဿမ ၂ သန်းဖြင့် ခေါ်ယူခဲ့တာပါ။
ဖာဘင်ဟို၊ ဟန်ဒါဆန်တို့ တချိန်တည်းထွက်ခွာသွားပြီးနောက် ကွင်းလယ်ခံစစ်ကစားသမားလိုအပ်နေတဲ့ လီဗာပူးအသင်းအတွက် အန်ဒိုက ၄၃ ပွဲတိတိ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် အသက်-၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အန်ဒိုက အသင်းအတွက် ကာလရှည်အစီအမံတစ်ရပ်မဟုတ်လို့ ပြောမယ်ဆိုရင် လွန်ရာမကျနိုင်ပါဘူး။
လီဗာပူးအသင်းပရိသတ်တွေကလည်း ကွင်းလယ်အထိုင်ကစားသမားတွေ ထပ်မံဖြည့်တင်းဖို့ အသင်းဆီ တိုက်တွန်းနေကြပါတယ်။ အန်းစလော့ရဲ့အသင်းက အခုနွေရာသီမှာ ကစားသမားသစ်မခေါ်ယူထားတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် ရပ်တည်နေပါတယ်။
လီဗာပူးအသင်းဘက်ကလည်း နောက်ထပ်ကွင်းလယ်ကစားသမားသစ် မခေါ်ယူနိုင်သေးခင်အထိ အန်ဒိုကို လက်လွှတ်ပေးသွားဖို့ ဆန္ဒမရှိနိုင်ပါဘူး။ ဒီဇာဘီကိုင်တွယ်တော့မယ့်အသင်းရဲ့ကမ်းလှမ်းမှုတစ်ကြိမ်သာ ရရှိထားပေမယ့် အန်ဖီးလ်သားတွေက ဂျပန်လက်ရွေးစင်ကို အသင်းမှာဆက်ထားဖို့ စိတ်ဝင်စားနေပါတယ်။ မာဆေးဆိုဒ်ကလပ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ကိုင်စီဒို၊ လာဗီယာတို့ကို ချဲလ်ဆီးဆီ လက်လွှတ်ဆုံးရှုံးခဲ့ရဖူးပါတယ်။ ဒီနောက်မှာတော့ သူတို့တွေက စတုဂတ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ အန်ဒိုကို ဈေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။
လီဗာပူးပရိသတ်အများစုကတော့ အသင်းဆီမရောက်လာခင်အထိ အန်ဒိုကို မသိရှိခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အသင်းနည်းပြဖြစ်တဲ့ ယာဂန်ကလော့ပ်ဆီ ဒေါ့မွန်ကပ္ပတိန်ဟောင်း ဟမ်းမဲလ်အပါအဝင် ဂျာမနီအရင်းအမြစ်များစွာက အန်ဒိုနဲ့ပတ်သက်လို့ အကောင်းမြင်စရာသတင်းစကားတွေ ပေးပို့ခဲ့ပါတယ်။
လက်ရှိမှာတော့ မာဆေးလ်က နွေရာသီဈေးကွက်မပိတ်သိမ်းခင် ကစားသမားအတွက် ဒုတိယအကြိမ် ကမ်းလှမ်းလာမလား စောင့်ကြည့်သွားရပါမယ်။ ပြင်သစ်လီဂူးဝမ်းကလပ်က အခုနွေရာသီကာလမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်က ပေါင် ၂၆ ဒဿမ ၆ သန်း၊ တော့တင်ဟမ်ကွင်းလယ်လူ ဟိုးလ်ဘတ်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားဖြင့် ခေါ်ယူထားပါတယ်။