The network connection is lost.

Banner Image

ရာသီကြိုကာလမှာ ရော်ဘတ်ဆန်ရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာထိုးနှက်ချက်နဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူး

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ရော်ဘတ်ဆန်ကို လာမယ့်သီတင်းပတ်များစွာအထိ ဆုံးရှုံးရလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် လီဗာပူးအသင်းအတွက် ရာသီကြိုကာလအတွင်း အတော်လေးကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ရော်ဘတ်ဆန်က အခုနွေရာသီ၊ အမေရိကန်နိုင်ငံဆီထွက်ခွာလာတဲ့ ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ ဒါပေမယ့် စကော့တလန်ကပ္ပတိန်က ဒဏ်ရာပြဿနာတစ်ခုကြောင့် စီစဉ်ထားတဲ့ ခြေစမ်းပွဲစဉ်တွေကို ပါဝင်ကစားပေးနိုင်ဖို့ မရှိတော့ပါဘူး။ သူက လာမယ့်သြဂုတ်လဆန်းပိုင်းအထိလည်း လီဗာပူးအသင်းအတွက် ပါဝင်ကစားနိုင်ဖွယ် မရှိပါဘူး။

လီဗာပူးအသင်းနည်းပြအန်းစလော့က “ရော်ဘတ်ဆန်က အခုအထိ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ဒါပေမယ့် အခုရာသီကြိုခရီးစဉ်ပြီးဆုံးချိန်ကျရင် သူပြန်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ခရီးစဉ်အပြီးမှာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာနိုင်တာမျိုး ဖြစ်ပါတယ်။ သူက ယူရိုပြိုင်ပွဲကို ဒဏ်ရာအသေးစားတစ်ခုနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားပြီးနောက် ဒဏ်ရာ အခြေအနေမှပြန်လည်သက်သာလာဖို့ လိုအပ်ခဲ့ပါတယ်။ ရော်ဘတ်ဆန်က ကျွန်တော်တို့ဆီ အခုရာသီကြိုခရီးစဉ်အတွက် ပူးပေါင်းလာပေမယ့် အခုခရီးစဉ်အပြီးမှာ အသင်းအတွက် သူ့ကိုပြန်ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ရော်ဘတ်ဆန်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံပွဲ ၃၀ သာ ပါဝင်ကစားနိုင်ကာ အရေးကြီးတဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။ ဒါက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ လီဗာပူးကစားသမားဖြစ်လာတဲ့ ရော်ဘတ်ဆန်ရဲ့ ပွဲကစားနိုင်မှုအနည်းဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူက အန်ဖီးလ်ဆီရောက်ရှိလာပြီးနောက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ရော်ဘတ်ဆန်အနားယူနေရချိန်တွေမှာ သူ့ရဲ့နေရာအတွက် စွယ်စုံရနောက်ခံလူ ဂျိုးဂိုးမက်ဇ်က မကြာခဏဆိုသလို ပါဝင်ကစားပေးခဲ့ပါတယ်။