The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းတွေကို လွဲချော်မယ့် လီဗာပူးညာနောက်ခံလူ ဖရင်းပေါင်

အန်းစလော့က ဘုန်းမောက်နဲ့ပွဲစဉ်အတွင်းရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် နယူးကာဆယ်၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကို ဖရင်းပေါင် လွဲချော်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခုနွေရာသီအစောပိုင်း၊ လေဗာကူဆင်မှရောက်ရှိလာတဲ့ ညာအစွန်နောက်တန်းကစားသမားက လတ်တလောမှာတော့ လာမယ့်နိုင်ငံတကာသီတင်းပတ်မတိုင်ခင်အထိ မာဆေးဆိုဒ်ကလပ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ မရှိသေးပါဘူး။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ အသင်းဆေးအဖွဲ့ကတော့ ဖရင်းပေါင်ကို လာမယ့်နိုင်ငံတကာသီတင်းပတ်မတိုင်ခင်ကာလအထိ အသင်းလူစာရင်းမှ ဘေးဖယ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝထောက်ခံပေးခဲ့ပါတယ်။ ဒါတွေအကုန်လုံး ပွဲစဉ်အတွင်းမှာပဲ ဖြစ်ပွားခဲ့တာပါ။

ဖရင်းပေါင်ကိုချန်လှပ်ထားခြင်းအတွက် ကျွန်တော့်အပေါ်ဝေဖန်မှုတွေ ရှိလာလိမ့်မယ်လို့တော့ မထင်မိပါဘူး။ သူ့ရဲ့ကစားပုံနဲ့သက်ဆိုင်ခြင်းမရှိပေမယ့် သူ့ဆီမှာ တံကောက်ကြောဒဏ်ရာပြဿနာရှိနေတယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော်ဆိုလိုတာက အသင်းရဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ သူ့ကို ဘေးဖယ်ထုတ်ထားဖို့တောင်းဆိုတာ ကောင်းပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ ဖရင်းပေါင်ကို ပြန်ရရှိဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

အခုလိုဖရင်းပေါင်မပါဝင်နိုင်မှုထိုးနှက်ချက်က ဘရက်ဒ်လေသာ ပုံမှန်ပွဲကစားနိုင်ချိန်ဆိုရင် သိပ်ပြဿနာမရှိပေမယ့် ဘရက်ဒ်လေကိုယ်တိုင်လည်း ဒဏ်ရာပြဿနာကြောင့် ကာလအတော်ကြာ အနားယူနေရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ စီနီယာအသင်းနဲ့အတူ ပွဲကစားချိန်အချို့ရရှိဖို့အတွက် ဘရက်ဒ်လေ လေ့ကျင့်ပြင်ဆင်နိုင်ခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လတ်တလော ဖရင်းပေါင် မကစားနိုင်ချိန်၊ ဘရက်ဒ်လေလည်း ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုရင် အနည်းဆုံး လာမယ့်တနင်္လာနေ့၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အန်ဒို(သို့မဟုတ်)ဆိုဘိုဆလိုင်း ပါဝင်လာနိုင်ပါတယ်။

အန်းစလော့က “ လတ်တလောမှာ ကျွန်တော်တို့အတွက် ဒဏ်ရာပြဿနာနှစ်ခုပဲ ရှိပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ဒီဒဏ်ရာပြဿနာနှစ်လုံးက တစ်နေရာတည်းမှာ ဖြစ်နေပါတယ်။ ကောင်းတဲ့အချက်ကတော့ ဒီနေရာမှာကစားနိုင်တဲ့ ကစားသမားတွေ ရှိနေတာပါပဲ။ အန်ဒိုရော၊ ဆိုဘိုဆလိုင်းပါ ဒီနေရာမှာ ကစားနိုင်ပါတယ်။

ဂျိုးဂိုးမက်ဇ်လည်း သေချာပေါက်ကစားနိုင်ပါတယ်။ ဒါပေမယ့် သူ့အတွက် မိနစ် ၂၀ လောက်ကစားလိုက်မယ် ဆိုရင်တောင် အတော်များနေပါပြီ။ ဂျိုးဂိုးမက်ဇ်အတွက် ဆုတ်ယုတ်မှုတစ်ခုရှိတယ်လို့ ကျွန်တော် မပြောလိုပေမယ့် သူက အသင်းနဲ့အတူ သုံးရက်ဆက်တိုက်လောက် လေ့ကျင့်ဖို့တောင် မဖြစ်နိုင်သေးပါဘူး။ ဒါတွေက ကာလရှည်အနားယူခဲ့ရသူအတွက် ပုံမှန်အခြေအနေတွေပဲ ဖြစ်ပါတယ်။

အခုတော့ ဂျိုးဂိုးမက်ဇ်က အသင်းနဲ့အတူ လေ့ကျင့်နေပါတယ်။ ဒါကြောင့် လာမယ့်တနင်္လာနေ့မှာ ဂျိုးဂိုးမက်ဇ် ပါဝင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ပွဲထွက်နေရာတစ်ခုတည်းမှာ ဒဏ်ရာပြဿနာနှစ်ခု ကြုံတွေ့ရခြင်းအပေါ် ပြင်ဆင်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။