The network connection is lost.

Banner Image

ဒဏ်ရာပြဿနာထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဗာပူး

အခုနွေရာသီမှာ ခေါ်ယူထားတဲ့ လီယိုနီက ရာသီကုန်အထိအနားယူရနိုင်တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ခုကို ခံစားရပြီးနောက် လီဗာပူးအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ကာရာဘောင်းဖလားပွဲစဉ်မှာ လီဗာပူးကစားသမားဘဝပွဲဦးထွက်ကို ပါဝင်ယှဉ်ပြိုင်ကစားတဲ့ နောက်ခံလူမှာ ပြင်းထန်ဒဏ်ရာပြဿနာတစ်ခု ရှိနေပြီလို့ သတင်းတွေအရ သိရပါတယ်။

နာမည်ကြီးသတင်းထောက် ရိုမာနိုရဲ့အဆိုအရ ဆောက်သမ်တန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ခုကို လီယိုနီခံစားခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီဒဏ်ရာကြောင့် အသက်-၁၈ နှစ်အရွယ်ကစားသမားကို ထမ်းစင်ဖြင့် ကွင်းတွင်းမှခေါ်ယူသွားခဲ့ရပါတယ်။ အခုနွေရာသီကာလ၊ ပါးမားမှ ကြိုးကြာနီတွေဆီ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့လာတဲ့ နောက်ခံလူက လတ်တလောမှာတော့ ရာသီမကုန်ခင် အသင်းနဲ့ပြန်ပူးပေါင်းနိုင်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

လီယိုနီက အန်ဖီးလ်ကစားသမားဘဝပွဲဦးထွက်အပြီး စီနီယာအသင်းကြယ်ပွင့်တစ်ဦးဖြစ်လာဖို့ အိပ်မက်တွေ ရှိထားပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူက မြက်ခင်းစိမ်းပေါ်ပြန်ရောက်ရှိနိုင်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ သာမန်အားဖြင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာပြန်လည်သက်သာဖို့ အနည်းဆုံးကိုးလအထိ ကြာမြင့်နိုင်ပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် ရာသီကြိုကာလအထိ အနားယူသွားရဖွယ် ရှိပါတယ်။

လီယိုနီက အသက်-၁၈ နှစ်အရွယ်သာ ရှိသေးပေမယ့် မာဆေးဆိုဒ်ကလပ်အသင်းဆီ မပြောင်းရွှေ့မီ စီးရီးအေပွဲစဉ် ၁၇ ပွဲကို ပါဝင်ကစားခဲ့ဖူးသလို အီတလီယူ-၁၉ အသင်းမှာလည်း ခုနစ်ကြိမ်တိတိ နိုင်ငံ့ကိုယ်စားပြုအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ သူက လီဗာပူးနဲ့ ၂၀၃၁ ခုနှစ်အထိ ကာလရှည်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားလို့ အန်ဖီးလ်မှာ မှတ်ကျောက်တင်ပြနိုင်ရေး ကစားသမားအတွက် အချိန်များစွာ ကျန်ရှိနေပါသေးတယ်။

လီဗာပူးက လီယိုနီကို လက်လွှတ်ထားရချိန်မှာပဲ ကစားသွားရမယ့် ပွဲစဉ်တွေ အများကြီးရှိပါတယ်။ သူတို့တွေက အခုသီတင်းပတ်ကုန်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်သွားရပါမယ်။ အခုအချိန်မှာ အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ငါးခုလုံးကို အနိုင်ကစားကာ ပြီးပြည့်စုံတဲ့ စတင်မှုတစ်ခုကို ပြုလုပ်ထားပါတယ်။