The network connection is lost.

Banner Image

ကွယ်လွန်သူပေါ်တူဂီကြယ်ပွင့်ဂျိုတာအတွက် ကျောနံပါတ်-၂၀ ဂျာစီကို အပြီးတိုင်အနားပေးလိုက်တဲ့ လီဗာပူး

အခုလအစောပိုင်းမှာ ကွယ်လွန်အနိစ္စရောက်ရှိသွားတဲ့ တိုက်စစ်မှူးဂျိုတာအတွက် ဂုဏ်ပြုမှုအဖြစ် ကလပ်ရဲ့ အသင်းတိုင်းမှာ ကျောနံပါတ်-၂၀ ဂျာစီအင်္ကျီကို အပြီးတိုင်အနားပေးလိုက်ပြီလို့ လီဗာပူးဘောလုံးအသင်းမှ တရားဝင်အတည်ပြုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အန်ဖီးလ်ဆီရောက်ရှိလာချိန်ကတည်းက ကျောနံပါတ်-၂၀ ဂျာစီအင်္ကျီကို ဝတ်ဆင်ခဲ့သူ ဝုဗ်တိုက်စစ်မှူးဟောင်းဟာ အခုလအစောပိုင်း၊ စပိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း ညီဖြစ်သူအန်ဒရေဆေးလ်ဗားနဲ့အတူ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ကြိုးကြာနီတွေက ကျန်ရစ်သူမိသားစုနဲ့တိုင်ပင်ပြီး အခုလိုဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပါ။ FSG ရဲ့ဘောလုံးဆိုင်ရာ CEO မိုက်ကယ်အက်ဒ်ဝက်က “ ဒီကျောနံပါတ်အနားပေးခြင်းကို ထာဝရတည်တံ့အောင် လုပ်ဆောင်သွားရပါမယ်။ ဒါကြောင့် ကျွန်တော်တို့က ဂျိုတာကို ဘယ်တော့မှမေ့ပျောက်သွားမှာ မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ကြေညာချက်တစ်ခုမှာလည်း “ ဒါဟာ ဂျိုတာကိုယ်တိုင် ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်တစ်ခုဖြစ်ပါတယ်။ ဒီကျောနံပါတ်နဲ့အတူ ဂျိုတာက ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အောင်ပွဲများစွာကို ရယူပေးခဲ့ပါတယ်။ ဂျိုတာဟာ လီဗာပူးကလပ်အသင်းရဲ့ကျောနံပါတ်-၂၀ အဖြစ် ထာဝရရှိနေပါလိမ့်မယ်။ ဂျိုတာရဲ့ကျန်ရစ်သူမိသားစုနဲ့တိုင်ပင်ညှိနှိုင်းပြီးနောက် ကလပ်အသင်းက အမျိုးသမီးအသင်း၊ အကယ်ဒမီအသင်းတွေအပါအဝင် အဆင့်တိုင်းမှာ ဂျိုတာကိုဂုဏ်ပြုသောအားဖြင့် ကျောနံပါတ်-၂၀ ကို အနားပေးသွားမယ်လို့ ကြေညာနိုင်ပါပြီ။

ဒီလှုပ်ရှားမှုက ပြီးခဲ့တဲ့ငါးနှစ်အတွင်း ကြိုးကြာနီတွေရရှိခဲ့တဲ့ ကွင်းတွင်းအောင်မြင်မှုတွေအတွက် ပေါ်တူဂီသားရဲ့ ပါဝင်ပေးဆပ်မှုတွေသာမက အသင်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပရိသတ်တွေနဲ့ သူကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဆက်နွယ်မှုကို လေးလေးနက်နက်အသိအမှတ်ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်”လို့ ဖော်ပြပါရှိပါတယ်။ ဒါ့အပြင် လီဗာပူးက ပရက်စတန်နဲ့ရာသီကြိုခြေစမ်းပွဲမှာလည်း ဂျိုတာအတွက်ဂုဏ်ပြုမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။