ရာသီကြိုအဖွင့် ခြေစမ်းပွဲမှာ ပရက်စတန်ကို ရှုံးနိမ့်ပေမယ့် ကျေနပ်အားရနေတဲ့ လီဗာပူးနည်းပြ အန်းစလော့
ရာသီကြိုအဖွင့်ခြေစမ်းပွဲမှာ ပရက်စတန်နော့အန့်ဒ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် လီဗာပူးနည်းပြအန်းစလော့ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ပါတယ်။
ပရက်စတန်က အခုပွဲစဉ်ကို ရိုဘီဘရက်ဒီရဲ့အဝေးကန်ချက်သွင်းဂိုးနဲ့အတူ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအတွက် မိုဆာလက်နဲ့ ဆိုဘိုဆလိုင်းတို့ ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။
အသင်းအတွက် လေ့ကျင့်ပြင်ဆင်ပေးနေတဲ့ပုံစံတွေကို အခုပွဲစဉ်မှာ မြင်တွေ့ခဲ့ရသလားဆိုတဲ့ မေးခွန်းအပေါ် အန်းစလော့က “လေ့ကျင့်ရေးကွင်းမှာ အခုလိုပုံစံတွေ ကျွန်တော် အများကြီးတွေ့ခဲ့ပြီးပါပြီ။ ဒီနေ့လည်း နည်းနည်းပိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ကစားဟန်နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ ပွဲစဉ်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်အတွက် ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်ကိုပဲ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီကန်သွင်းမှုတစ်ကြိမ်ကပဲ ဂိုးပေးလိုက်ရလို့ ၁-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့အရေးနိမ့်သွားတာ ကျွန်တော်တို့အတွက် ကံမကောင်းခဲ့တာပါပဲ။ ကောင်းမွန်တဲ့ ကစားကွက်တည်ဆောက်မှုအချို့ရှိခဲ့ပြီး ပထမပိုင်းမှာလည်း အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်"
"ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပုံမှန်အတိုင်း အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်လို့ မယူဆမိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ကစားသလို မကစားရတဲ့ လူငယ်လေးတွေ အသင်းမှာ ပါဝင်လာလို့ ဖြစ်ပါတယ်။ ပထမဆုံးရက်သတ္တပတ်နှစ်ပတ်အတွင်းမှာတော့ ကောင်လေးတွေဆီကနေ ကျွန်တော်တို့ အများကြီးတောင်းဆိုသွားလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အပြင်းအထန်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ဒါတွေက ကျွန်တော်တို့သယ်ဆောင်လာတဲ့ စိတ်ကူးအသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ အတော်များများက ဒီအသင်းမှာရှိခဲ့ပြီးသား အရမ်းကောင်းခဲ့တဲ့ အရာတွေဖြစ်ပါတယ်”လို့ ပြောပါတယ်။