
အသင်းဟောင်းတော့တင်ဟမ်နဲ့ ပြန်လည်ရင်ဆိုင်ရတဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဆိုလာတဲ့ ဟယ်ရီကိန်း
ယမန်နေ့ညက တော့တင်ဟမ်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အနေနဲ့ အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် ပင်နယ်တီကိုတော့ မိုးပေါ်ထောင်ကန်မိခဲ့တာကြောင့် လွဲချော်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကိန်းက သူ့အနေနဲ့ တော့တင်ဟမ်မှာ ကာလရှည်ကစားခဲ့တာကြောင့် အခုလို ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရခြင်းက သူ့အတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အသက်-၃၂ နှစ်အရွယ်ကစားသမားက "ဒီနေ့ပွဲမှာ ကျွန်တော်တို့ကစားပုံအရမ်းကောင်းခဲ့ပါတယ်။ ပွဲအစကနေ အဆုံးအထိ ပြိုင်ဘက်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ပွဲနဲ့အတူ လမ်းကြောင်းမှန်ပေါ်မှာ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ တော့တင်ဟမ်မှာ အချိန်တွေအကြာကြီးနေထိုင်ခဲ့လို့ အခုလိုပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်ရတဲ့အခါ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ကွင်းထဲရောက်တာနဲ့ သူတို့ကိုပြိုင်ဘက်လိုပဲ မြင်ခဲ့ပြီး အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အလီယန်ဇ်မှာ ပြန်ကစားရတာ အရမ်းကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကိန်းဟာ တော့တင်ဟမ်မှာ ဆယ်စုနှစ် ၂ ခုအကြာလောက်အထိ နေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ကိန်းအနေနဲ့လည်း ကစားသမားဘဝတစ်လျှောက် ပထမဆုံးသော အမှတ်ပေးဖလားအောင်မြင်မှု ကို ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိန်းရဲ့အသင်းဟောင်းတော့တင်ဟမ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့်အင်္ဂါနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကလပ် ဂရော့စ်ဟော်ပါနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် စတုဂတ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။