The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အမှန်တကယ်ထိုက်တန်တဲ့ လီဗာပူးအသင်းလို့ ဗန်ဒိုက် ချီးကျူးဂုဏ်ပြု

ယမန်နေ့ညပိုင်း၊ ဆူညံပေါက်ထွက်မတက်ဖြစ်နေတဲ့ အန်ဖီးလ်ပရိသတ်ရှေ့မှောက် အကြိမ် ၂၀ မြောက် အဆင့်မြင့်တန်းသရဖူကို ဆွတ်ခူးနိုင်ဖို့အတွက် တော့တင်ဟမ်ကို ၅-၁ ဂိုးဖြင့် ချေမှုန်းပြီးနောက် လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခြင်းကို မေးခွန်းထုတ်စရာမလိုလောက်အောင် စစ်မှန်တဲ့အောင်ပွဲတစ်ခုဖြစ်တယ်လို့ တင်စားလိုက်ပါတယ်။

အန်းစလော့ရဲ့အသင်းက လက်ကျန်လေးပွဲကစားရဖို့ ကျန်ရှိချိန် အနီးဆုံးပြိုင်ဘက်အာဆင်နယ်အတွက် ဘယ်လိုမှလိုက်မမီနိုင်တဲ့ရမှတ် ၁၅မှတ်အထိ အသာစီးရယူပြီး သူတို့အသင်းအတွက် ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

ပွဲစဉ်အပြီး အန်ဖီးလ်ကွင်းထဲမှာ အောင်ပွဲခံနေတဲ့ ဗန်ဒိုက်က “ ဒါက မေးခွန်းထုတ်စရာတောင် မလိုတဲ့ ထူးရှယ်အခိုက်အတန့်ဖြစ်ပါတယ်။ ဒီနေ့အဖြစ်အပျက်တွေကတော့ အံ့သြဖို့ကောင်းလွန်းပါတယ်။ ပွဲနေ့မတိုင်ခင်မှာရော၊ အခုသီတင်းပတ်အတွင်းမှာပါ ခံစားချက်တွေ များပြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့က စစ်မှန်တဲ့ အင်္ဂလန်ချန်ပီယံတွေ ဖြစ်ပါတယ်။ ဒါက ကမ္ဘာပေါ်မှာ အလှပဆုံးကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အရာအားလုံးနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ နောက်ထပ်သီတင်းပတ်နှစ်ခုလောက်ကို ပျော်ပျော်ရွှင်ရွှင်၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားကြပါစို့ ”လို့ Sky Sports သတင်းဌာနဆီ ပြောပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်၊ လီဗာပူးအသင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာချိန် ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေလို့ ဆယ်စုနှစ်သုံးခုတာကာလအတွင်း ပထမဆုံးရရှိတဲ့အောင်ပွဲမှာ ပရိသတ်တွေ ကွင်းတွင်းမရှိနေခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေက ‘You’ll Never Walk Alone’ သီချင်းကို ကစားသမားတွေနဲ့အတူ သီဆိုရင်း ကွင်းလုံးပြည့်လျှံအောင်ပွဲခံခဲ့ကြပါတယ်။

ဗန်ဒိုက်က “ အမှန်ပါပဲ၊ ပထမအကြိမ်အောင်မြင်မှုတုန်းက ကျွန်တော်တို့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ ကွင်းထဲမှာအတူရှိနေကြဖို့ အရူးအမူးမျှော်လင့်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ငါးနှစ်တာကာလအတွင်း ပရီမီးယားလိဂ်ဆုဖလားကို နှစ်ကြိမ်တိုင် ရရှိခဲ့ပါတယ်။ ဒါက ကောင်းမွန်တဲ့အောင်မြင်မှုတစ်ခု ဖြစ်နေတုန်းပါပဲ ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၊ ပထမအကျော့မှာ လီဗာပူးက တော့တင်ဟမ်ကို ၃-၆ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာလည်း အသင်းရဲ့ဘတ်စ်ကား အန်းဖီးလ်ဆီ ရောက်ရှိလာချိန် အနီရောင်လူပင်လယ်ကြီးတစ်ခုက သောင်းသောင်းဖြဖြကြိုဆိုသွားခဲ့ပါတယ်။ ဒါကြောင့် အန်းစလော့လည်း ပရိသတ်တွေစိတ်မပျက်စေဖို့ သေချာလုပ်သွားရမယ်ဆိုတာ နားလည်ထားခဲ့ပါတယ်။

လီဗာပူးနည်းပြဘဝဗွေဆော်ဦးဘောလုံးရာသီမှာပဲ အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ အန်းစလော့က “ အခုပွဲစဉ်ကို ရှုံးလို့မရဘူးဆိုတာ ရှင်းပါတယ်။ အသင်းဘတ်စ်ကားပေါ်မှာရှိနေသူတိုင်းကလည်း ဒီပွဲစဉ်ကို ငါတို့တွေ ရှုံးနိမ့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။

အနိုင်ရဖို့အတွက် နည်းလမ်းတစ်ခုကို သူတို့တွေ အမြဲတမ်းရှာဖွေပါတယ်။ကစားသမားတွေအတွက်သာမက ဒီနေရာမှာရှိနေတဲ့ အားကစားဒါရိုက်တာအပါအဝင် လူပုဂ္ဂိုလ်တွေအားလုံးအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ၃၅ နှစ်အတွင်း ဒုတိယမြောက်ချန်ပီယံဆုဆိုတာကို မေ့ထားလိုက်ကြပြီး ဒါက ငါးနှစ်တာကာလအတွင်း ဒုတိယအကြိမ်ချန်ပီယံဖြစ်လာခြင်းလို့ပဲ သတ်မှတ်လိုက်ကြမယ် ”လို့ ပြောပါတယ်။