
ယာမဲလ်နဲ့ဘယ်လိုအောင်ပွဲခံဖို့ စီစဉ်ထားလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဖော် ယာမဲလ်နဲ့ ဘယ်လိုအောင်ပွဲခံဖို့ စီစဉ်ထားလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ချန်ပီယံလိဂ်ပထမအကျော့ပွဲအဖြစ် ဒေါ့မွန်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။
ယာမဲလ်တစ်ယောက် ၄ ဂိုးမြောက်သွင်းယူနိုင်ခဲ့ပြီးနောက် ဘလိတ်နဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။ စပိန်သားထက် အသက် ၁၉ နှစ်နီးပါးကြီးတဲ့ လီဝန်ဒါစကီးကတော့ သူ့အသက် ၁၈ နှစ်ပြည့်ချိန်မှာ အတူတူကပြီး အောင်ပွဲခံမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပွဲအပြီးမှာ လီဝန်ဒေါစကီးက ဘာကြောင့်ယာမဲလ်နဲ့အတူ ကပြီးအောင်ပွဲမခံခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး “ဘာလို့လဲဆိုတော့ သူ့အသက် ၁၈ နှစ်မပြည့်သေးတာကြောင့်ပါ။ ကျွန်တော်တို့ သူအသက်ပြည့်တဲ့အထိစောင့်မှာပါ။ အဲ့နောက် အတူတူအောင်ပွဲခံမှာပါ။ ကျွန်တော် ယာမဲလ်ကိုပြောပြီးပါပြီ။ သူ့အသက် ၁၈ နှစ်ပြည့်ချိန်မှာ တစ်နေရာရာမှာကပြီး အောင်ပွဲခံမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ အသင်းဟောင်း ဒေါ့မွန်ကို ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ၄၀ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၆ နှစ်သားက သူ့အနေနဲ့ ဂိုးတွေပိုသွင်းနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယာမဲလ် ၊ လီဝန်ဒေါစကီး ၊ ရာဖင်ဟာတို့ ၃ ယောက်ပေါင်းကို ဒီရာသီ ၈၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဒီရာသီဖလား ၃ လုံးချန်ပီယံဖြစ်နိုင်ဖို့ အလားအလာကောင်းနေတာဖြစ်ပါတယ်။